ပြည်ကြီးတံခွန် ၇ အောက်တိုဘာ
စာရေးဆရာ အိုးဝေ(မြေနီကျင်း) ၏ ဒုတိယမြောက်စာအုပ်ဖြစ်သော ‘’ပစ်ပယ်ခံရမှာကို စိုးရိမ်တယ်ဆရာ’’ စာအုပ်မိတ်ဆက်ပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်းနှင့် မြဝတီမင်းကြီးလမ်းထောင့်၊ မန္တလေး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်း က အဖွင့်အမှာစကားပြောကြားသည်။ထို့နောက် ချမ်းအေးသာစံမြို့နယ် ပညာရေးမှူးဦးထွန်းမြင့်၊ ရဟန်းစာဆို တက္ကသိုလ် တေဇာလင်း ၊ မဟာအောင်မြေမြို့နယ် စာရေးဆရာအသင်းဥက္ကဌ ဆရာမခင်ခင်ဝင်း(ပညာရေး)နှင့် စာရေးဆရာ စိုးဝင်းဗိုလ်(အရာတော်) တို့က မုဒိတာစကားပြောကြားသည်။၎င်းနောက် စာရေးဆရာ အိုးဝေ(မြေနီကျင်း) က ‘’ပစ်ပယ်ခံရမှာကို စိုးရိမ်တယ်ဆရာ’’ ပညာရေးဆောင်ပါးများ စုစည်းမှု စာအုပ် ထုတ်ဝေရခြင်း အကြောင်းအရာများနှင့် ကျေးဇူးတင်စကားပြောကြားသည်။ယင်းနောက် ဗိုလ်မှူးကြီး ဦးခင်မောင်နှင်း က မန္တလေးခရိုင်ပြည်သူ့စာကြည့်တိုက် အတွက် စာအုပ်များ ပေးအပ်လှူဒါန်းရာ ခရိုင်ဦးစီးအရာ ဒေါ်မြင့်မြင့်သန်း က လက်ခံရယူသည်။
အဆိုပါ စာအုပ်မိတ်ဆက်ပွဲသို့ မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီး အရာရှိနှင့် တာဝန်ရှိသူများ၊ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များမှ စာရေးဆရာ/မများနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)


