သုံးခွ ၇ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အမှတ်၁၂ရပ်ကွက် နှင်းဆီလမ်းရှိ ရွှေပြည်အေးစေတီတော် မြတ်ကြီး၏ (၁၀၁)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ကို အောက်တိုဘာ၁၈ ရက်နှင့် ၁၉ရက်တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၁၈ ရက်တွင် မွန်းတည့်၁၂နာရီမှစ၍ ဘုရားဖူးလာသူများ ဆွမ်းတော်ကြီးတင်လှူ ရန် လာရောက်ကြသူများအား စတုဒိသာ မုန့်ဟင်းခါးအာဟာရဖြင့် ဧည်ခံကျွေးမွေး လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် အောက်တိုဘာလ၁၉ရက် နံနက်ပိုင်းတွင် ပင့်သံဃာအပါး(၃၀)တို့က ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်လှူ ပူဇော်ပွဲကျင်းပပြုလုပ်မည်ဖြစ်ပြီး ဆရာတော်များအား ဆွမ်း၊သင်္ကန်း၊ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေမည်ဟု သိရသည်။
ဆက်လက်၍ ဂေါပကအဖွဲ့ဝင်များကဦးဆောင်ကာဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပပြုလုပ်ကာ ညပိုင်းတွင် ဝတ်အဖွဲ့များက ဓမ္မဒေသနာတော်များကို ရွတ်ဆိုပူဇော်ပြီး ဆီမီးများ အမွှေးနံ့သာ တိုင်များဖြင့်ထွန်းညှိပူဇော်ကြမည်ဖြစ်ကြောင်းသိရသည်။
စည်သူလင်း ပြန်/ဆက်


