မတ္တရာ ၇  အောက်တိုဘာ

 

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ မတ္တရာမြို့နယ်ရုံးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

 

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်မှ လူမှုကယ်ဆယ်ရေးအဖွဲ့ ဖွဲ့နိုင်သည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ကယ်ဆယ်ရေး ပစ္စည်းများ လုံလောက်စွာ ရရှိနိုင်ရေး အလှူရှင်များမှ လှူဒါန်းပေးဖို့လိုကြောင်း၊ အသင်းအဖွဲ့ ရေရှည်တည်နိုင်ရေး အဖွဲ့ဝင်များ ပိုမိုတိုးတက်ဖို့လိုကြောင်း၊ ကြိုးစားဖို့လိုကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်း အခြေခံသင်တန်းများ၊ အဆင့်မြင့် သင်တန်းများ တက်ဖို့လိုကြောင်း၊ အခြားပရဟိတ အသင်းများကိုလည်း ပါဝင်လာအောင် စည်းရုံးသွား ဖို့လိုကြောင်း၊ အလှူငွေနှင့် ပစ္စည်းများ လှူဒါန်းပေးသော မြို့မိမြို့ဖများကိုလည်း ကျေးဇူးတင်ရှိပါကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

 

ထို့နောက် မန္တလေးတိုင်းဒေသကြီး လူမှုကယ်ဆယ်ရေးအဖွဲ့ နာယက ဦးလှအောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမျိုးထွန်းတို့ အမှာစကားများ ပြောကြားခဲ့သည်။ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီး ဥက္ကဌ အထက်မြန်မာပြည်တာဝန်ခံ ဦးလှိုင်မင်းဉီးမှ မတ္တရာမြို့နယ်လူမှုကယ်ဆယ်ရေးအဖွဲ့၏ လုပ်ငန်းစဉ်များနှင့် တိုင်းကယ်ဆယ်ရေးအဖွဲ့၏ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ တိုင်းဒေသကြီးကော်မတီဝင် ဦးကော်ကော်မှ အသင်း၏လုပ်ငန်းဆောင်တာများကို ပြောကြားခဲ့သည်။

 

 

ထို့နောက် အလှူရှင်များမှ အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ မတ္တရာမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

 

အဆိုပါ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မတ္တရာမြို့နယ်ရုံးဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး တိုင်းဒေသကြီးမှ အဖွဲ့ဝင်များ၊ မတ္တရာမြို့နယ်မှ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

 

စိုးကျော်သူထွေး(မတ္တရာ)