မိတ္ထီလာ ၇ အောက်တိုဘာ
မိတ္ထီလာမြို့နယ်၌ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ကျေးရွာတစ်ရွာလျင် ကျေးရွာတစ်ရွာလျင် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေကျပ်သိန်း ၃၀၀ ဖြင့် ကျေးရွာသုံးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများတွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရန် ကျေးရွာတစ်ရွာလျင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ် သိန်း(၃၀၀)ဖြင့် စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ် လုပ်ငန်းများအား တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြင့် လုပ်ကိုင် နိုင်စေရန်ရည်ရွယ်၍ ကျေးရွာမြစိမ်းရောင် စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာတစ်ရွာလျင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ် သိန်း(၃၀၀)ဖြင့် အိမ်ထောင်စု ၃၈၆ စု လူဦးရေ ၁၇၇၆ ဦးရှိသည့် မုန်တိုင် ကျေးရွာ၊ အိမ်ထောင်စု ၁၃၇ စု လူဦးရေ ၈၇၆ ဦးရှိသည့် ကုက္ကိုတော+တမာပင်ကျေးရွာနှင့် အိမ်ထောင်စု ၉၈စု လူဦးရေ ၅၅၄ ဦးရှိသည့် ပျော်ဘွယ်(စံပြ)ကျေးရွာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာတစ်ရွာလျင် ကျေးရွာ မြစိမ်းရောင် စီမံကိန်းရန်ပုံငွေ သိန်း(၃၀၀)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ မြစိမ်းရောင်စီမံကိန်း (၃၇)ယူနစ်ဖြင့် ကျေးရွာ ၄၈ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးဇော်မြင့်က ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(ပြန်/ဆက်)


