အောင်လံ ၇ အောက်တိုဘာ
အောင်လံမြို့ ကန်ကြီးရပ်ကွက်ရှိ ဆန္ဒပြည့်စုံ သိမ်ကုန်းဓမ္မာရုံဘုရားကြီး၌ (၁၂၅)ကြိမ်မြောက် တာဝတိံသာဘုရားဆင်းပွဲတော်ကြီးကို ဗုဒ္ဓပူဇာဓမ္မပူဇာ သံဃပူဇာပွဲတို့ဖြင့်လည်းကောင်း၊ ဇာတ်ပွဲ၊ ပျော်ပွဲရွှင်ပွဲ ဧည့်ခံဖျော်ဖြေပွဲတို့ဖြင့်လည်းကောင်း အစဉ်လာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် သီတင်းကျွတ်လပြည့်နေ့ နံနက်(၅)နာရီတွင် ဘုရားကြီးအတွင်း သစ်သီးဆွမ်းများ ကပ်လှူခြင်း၊ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့တွင် မြို့ပေါ်ရှိ သိက္ခာတော်ကြီး ဝါတော်ကြီး ဆရာတော်ကြီးများအား(၄၇)နှစ် မြောက်အဖြစ် ပူဇော်ပွဲကျင်းပခြင်းနှင့် ည(၆)နာရီတွင် တာဝတိံသာဘုရားဆင်းပွဲ အထိမ်းအမှတ် ဘုရားဆင်းသရုပ်ပြပူဇော်ခြင်း၊ သီတင်းကျွတ်လပြည့်ကျော်(၂)ရက်နေ့ နံနက်(၃)နာရီ အရုဏ်တက်အချိန်တွင် အရုဏ်ဆွမ်းသပိတ်များ စုပေါင်းလောင်းလှူခြင်းတို့ဖြင့် ကျင်းပပူဇော်မည်ဖြစ်ပြီး ညစဉ် ထာဝရပန်းသစ္စာ ဇာတ်သဘင်အဖွဲ့ဖြင့် (၃)ညတိုင် ကပြဖြေဖျော်ခြင်းတို့ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
သိန်းလွင်(အောင်လံ)


