မန္တလေး ၇ အောက်တိုဘာ
မြန်မာနိုင်ငံတွင် ယခုနှစ် ကိုးလကျော်အတွင်း မြေငလျင် ၁၄၃ကြိမ်ထိ လှုပ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီထံက သိရသည်။
ဇန်နဝါရီ ၁ ရက်မှ ယနေ့ထိ ကိုးလကျော်အတွင်း လှုပ်ခတ်ခဲ့သည့် မြေငလျင်အများစုမှာ အင်အားအနည်းငယ် နှင့်အသင့်အတင့်ရှိ ငလျင်များသာဖြစ်ပြီး အင်အားရစ်ချ်တာစကေးအဆင့် ငါးကျော်သည့်မြေငလျင် ၁၃ ကြိမ်ထိ ပါဝင်ခဲ့သည်။
"ဒီနှစ်ထဲမှာ စစ်ကိုင်းနဲ့ မန္တလေးကြား အပိုင်းမှာ အင်အား ၆ အဆင့်ကျော်တဲ့ မြေငလျင် နောက်ဆုံးလှုပ်ခဲ့တယ်ဆိုတာ လေ့လာတွေ့ရှိပါတယ်။ တစ်ကျော့ပြန်မြေငလျင်သဘောအရ ဒီအပိုင်းကအနာဂတ်မှာ လှုပ်နိုင်ခြေရှိတဲ့အပိုင်း သတိထားရမယ့် အပိုင်းဖြစ်ပါတယ်" ဟု နေပြည်တော် အတိတ်ငလျင်သုတေသန အဖွဲ့ခေါင်းဆောင် ဟင်္သာတတက္ကသိုလ် ဘူမိဗေဒဌာနပါမောက္ခ ဒေါက်တာစောငွေခိုင်က ပြောသည်။
မြေငလျင်လှုပ်ခတ်မှုအများစုမှာ မြန်မာနိုင်ငံ အနောက်မြောက်ဘက်ပိုင်းတွင် အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံသည် ကမ္ဘာ့မြေငလျင်ကြောကြီးနှစ်ခုအနက် တစ်ခုဖြစ်သည့် အယ်လ်ပိုက်(Alpide)မြေငလျင် ကြောပေါ်တွင် တည်ရှိနေကာ မြေငလျင် ပြင်းထန်ဇုန်တွင် ပါဝင်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံအတွင်း စုစုပေါင်း မြေငလျင် ၁၅၉ ကြိမ်ထိ လှုပ်ခတ်ခဲ့ပြီး ယခုနှစ်ပိုင်းအတွင်း မြေငလျင်ငယ်များ လှုပ်ခတ်မှုအကြိမ်ရေ များပြားလာသဖြင့် စစ်ကိုင်းပြတ်ရွေ့၏ မန္တလေးမြို့ တောင်ဘက်ပိုင်းတွင် အင်အားကြီးမြေငလျင် လှုပ်ခတ်မှုကို သတိပြုရန် မြေငလျင်ပညာရှင်များက နှိုးဆော်ထားကြောင်း သိရသည်။
သူရိန်လင်း


