နေပြည်တော် ၇ အောက်တိုဘာ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံအမတ်ကြီး မစ္စတာ ခရစ္စတီယန် လရှရဗီ အား ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားရေးရာနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၌ ပြင်သစ်ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်မှုနှင့် ပြင်သစ်-မြန်မာကုန်သည်ကြီးများအသင်း တည်ထောင်ဆောင်ရွက်နေမှု၊ ပြင်သစ်ကုမ္ပဏီများ၌ မြန်မာလုပ်သားများ ခန့်ထားဆောင်ရွက်မှုနှင့် ကျွမ်းကျင်လုပ်သားများ ဖြစ်စေရေးအတွက် လုပ်ငန်းခွင်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်မှု၊ လုပ်သားစွမ်းရည်မြင့်မားရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်မှု၊ ILO နှင့်ပူးပေါင်းကာ မြန်မာအလုပ်သမားများ အတွက် အလုပ်သမားဥပဒေရေးဆွဲဆောင်ရွက်နေမှုနှင့် အနည်းဆုံး လုပ်ခလစာ သတ်မှတ်ပြဋ္ဌာန်း ဆောင်ရွက်နေမှု၊ အနည်းဆုံးလုပ်ခလစာသတ်မှတ် ပြဋ္ဌာန်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ညှိနှိုင်းသတ်မှတ် ဆောင်ရွက်မှုနှင့် အလုပ်သမားများ၏အကျိုးအတွက် ရှေးရှုဆောင်ရွက်နေမှု၊ ပြင်သစ်နိုင်ငံ သားများ မြန်မာနိုင်ငံသို့ အလွယ်တကူလာရောက်နိုင်ရေးအတွက် ဆိုက်ရောက်ဗီဇာ နှင့် e-Visa ခွင့်ပြုဆောင်ရွက်ပေးထားမှု၊ မြန်မာနိုင်ငံသို့ ပြင်သစ်နိုင်ငံသားများ ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရေးနှင့် အလည်အပတ် ခရီးသွားများလာရောက်နိုင်ရေးအတွက် ပြည်ဝင်ဗီဇာ လွယ်ကူစေရေး စီစဉ်ဆောင်ရွက်ပေးနေမှု၊ e-Government ကော်မတီ၏ ဦးစားပေး လုပ်ငန်းတစ်ရပ် ဖြစ်သည့် လူတစ်ဦးလျှင် နံပတ်တစ်ခုပေးမည့် Unique ID အကောင်အထည်ဖော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာကတ်ပြားများအား ဒီဂျစ်တယ် စနစ်အဖြစ် ပြောင်းလဲနိုင်ရေး ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်၊ UID၊ e-ID စနစ်နှင့် နယ်စပ်ဒေသ များအပါအဝင် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများနှင့်ပတ်သက်သည့် လုံခြုံရေးဆိုင်ရာ စစ်ဆေးရေး လုပ်ငန်းများတွင် ပြင်သစ်နိုင်ငံမှ ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
သတင်းစဉ်


