ရန်ကုန် ၇ အောက်တိုဘာ
မြန်မာအမျိုးသားလေကြောင်းလိုင်းခရီးစဉ်များတွင် ပျံသန်းရန် ပြင်သစ်နိုင်ငံ ATR ကုမ္ပဏီမှ ထုတ်လုပ်သည့် ATR 72-600, XY-AMS လေယာဉ်အသစ်သည် ယမန်နေ့ ညနေပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ အဆိုပါလေယာဉ်သည် အမေရိကန်နိုင်ငံ GECAS ကုမ္ပဏီမှ မြန်မာအမျိုးသားလေကြောင်း သို့ ငှားရမ်း သည့် (၁၁) စီးမြောက် ATR 72-600 Series နောက်ဆုံးပေါ်အမျိုးအစား လေယာဉ်သစ်ဖြစ်ပြီး မကြာမီ မြန်မာအမျိုးသားလေကြောင်း၏ လက်ရှိပျံသန်းလျက်ရှိသော ပြည်တွင်း၊ ပြည်ပခရီးစဉ်များတွင် ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ပြင်သစ်နိုင်ငံ ATR ကုမ္ပဏီမှ ATR 72-600 လေယာဉ်အသစ် (၆) စီးဝယ်ယူသည့်အတွက် (MRO) အကြီးစားအလုပ်ရုံထူထောင်ခြင်းကို ကူညီပံ့ပိုးမှုရရှိခဲ့ပြီး ၂၀၁၅ ခုနှစ် နှစ်ဆန်းမှ စတင်အကောင်အထည်ဖော်ခဲ့ရာ ၃ နှစ်ခန့်အကြာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာတွင် (EASA) အသိမှတ်ပြုလက်မှတ်ရရှိခဲ့သည်။
ယခင်က ATR လေယာဉ်များ 8 year check အပါအဝင် အကြီးစားစစ်ဆေးပြင် ဆင်မှုများကို စင်ကာပူနိုင်ငံတွင် ပြုလုပ်မည်ဆိုပါက ၂ဝဝ၇ ခုနှစ်က ထုတ်လုပ်သည့် ATR လေယာဉ်တစ်စီးအတွက် အမေရိကန်ဒေါ်လာ ခုနှစ်သိန်းကျော်၊ ၂ဝ၁ဝ ခုနှစ်က ထုတ်လုပ်သည့် ATR လေယာဉ်တစ်စီးအတွက် အမေရိကန်ဒေါ်လာ လေးသိန်း ကျော်၊ ၂ဝ၁၂ ခုနှစ်ထုတ် ATR လေယာဉ်တစ်စီးအတွက် မလေးရှားတွင် စစ်ဆေးပြင်ဆင်ခြင်းပြုလုပ်ပါက အမေရိကန်ဒေါ်လာ ငါးသိန်းကျော်ကုန်ကျမည်ဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံတွင် အကြီးစားစစ်ဆေးပြင်ဆင်မှု ဆောင်ရွက်ပါက အမေရိကန်ဒေါ်လာ တစ်သိန်းကျော်သာ ကုန်ကျတော့မည်ဖြစ်သည့်အတွက် ကုန်ကျစရိတ်များစွာ သက်သာသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


