၇ အောက်တိုဘာ

 

အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် မန္တလေးမြို့၌ ခြေစမ်းပွဲများကစားမည်ဖြစ်ပြီး ယင်းခရီးစဉ်အတွက် ကစားသမား ၂၅ ဦး ခေါ်ဆောင်သွားသည်။

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ-ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ်-ဒေါ်သက်သက်ဝင်း၊ လက်ထောက်နည်းပြ-ဒေါ်စန်းစန်းမော်၊ ဒေါ်စန်းယုနိုင်၊ ဒေါ်မေသူထွန်း၊ ဂိုးနည်းပြ-ဦးကိုကိုအောင်၊ ကစားသမားများအဖြစ် ဂိုးသမား-ခင်မြတ်မိုး၊ ကြည်ပြာလင်း၊ ဇူးလတ်နဒီ၊ နောက်တန်း-အိအိကျော်၊ နှင်းမြသဇင်၊ မိုးမမစိုး၊ နန့်ဇူးဇူးထက်၊ နန့်သဲအိမိုး၊ ဖြူဖြူဝင်း၊ ဇွန်ယုယဦး၊ အလယ်တန်း-ဘွဲ့လျန်ကိန်း၊ လင်းမြင့်မိုရ်၊ မေဖူးကို၊ မိုးမိုးသန်း၊ မေထက်လူ၊ နော်ထက်ထက်ဝေ၊ နွယ်နီဝင်း၊ ပုံ့ပုံ့ပြည့်မောင်၊ သဇင်အောင်၊ ဝင်းဝင်း၊ ရှေ့တန်း-အေးမြတ်ခိုင်၊ မြတ်နိုးခင်၊ စန်းသော်သော်၊ ဆွေမာအောင်၊ ဆုပြည့်ပြည့်ကျော်တို့ ပါဝင်ကြသည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် မန္တလေးမြို့၌ ခြေစမ်းပွဲကစားရန် အောက်တိုဘာ ၆ ရက် ညပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာသွားပြီး အောက်တိုဘာ ၇ ရက် ညနေပိုင်းမှစ၍ လေ့ကျင့်လျက်ရှိသည်။

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပြိုင်ပွဲအကြို နောက်ဆုံးပြင်ဆင်မှုအဖြစ် မန္တလေးမြို့၌ ခြေစမ်းပွဲလေးပွဲကစားမည်ဖြစ်ပြီး ပြည်တွင်းခြေစမ်းပွဲနှစ်ပွဲ၊ ပြည်ပခြေစမ်းပွဲနှစ်ပွဲ ပါဝင်မည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အောက်တိုဘာ ၁၁၊ ၁၃ ရက်တွင် ဗီယက်နမ် ယူ-၁၉ အမျိုးသမီးအသင်း၊ အောက်တိုဘာ ၁၆ ရက်တွင် အား/ကာသိပ္ပံအသင်း၊ အောက်တိုဘာ ၁၈ ရက်တွင် မြန်မာဘောလုံးအကယ်ဒမီ ယူ-၁၄ အမျိုးသားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပွဲအားလုံးကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။

 

၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ ထိုင်းနိုင်ငံ ချောင်ဘူရီမြို့၌ ကျင်းပမည်ဖြစ်ပြီး အုပ်စု (က) တွင် ထိုင်း၊ မြောက်ကိုရီးယား၊ သြစတြေးလျ၊ ဗီယက်နမ်၊ အုပ်စု (ခ) တွင် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနှင့် မြန်မာအသင်းတို့ ပါဝင်နေသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်