ရေစကြို ၇ အောက်တိုဘာ
စီမံကိန်းဝင် အသင်းသားများ တတိယနှစ် မြစိမ်းရောင်စီမံကိန်းလုပ်ငန်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တတိယနှစ် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကွင်းဆင်းထုတ်ချေးပေးခြင်းကို အောက်တိုဘာ ၇ ရက်၊ ယနေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် မြစိမ်းရောင်စီမံကိန်းဝင် မြေစွန်းကျေးရွာရှိ အသင်းသားများအား ရေစကြိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သွားရောက် ကွင်းဆင်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုး အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန်၊ လူနေမှုဘဝ မြင့်မားတိုးတက်စေရန်နှင့် ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချနိုင်ရန်အတွက် ရည်ရွယ်ကာ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်ကာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြေစွန်းကျေးရွာတွင် ယခုလက်ရှိ စီမံကိန်းဝင်အသင်းသားဦးရေ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၂၄ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၅၉ ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၂ ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၁၇ ဦး၊ စုစုပေါင်း စီမံကိန်းဝင် အသင်းသား ၂၀၂ ဦး ရှိကြောင်း သိရသည်။
အဆိုပါ စီမံကိန်းဝင်အသင်းသား ၂၀၂ ဦးအား တတိယနှစ် မြစိမ်းရောင်စီမံကိန်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းရန်ပုံငွေများ ထုတ်ချေးဆောင်ရွက်ပေးရာတွင် စီမံကိန်းအသင်းသား ၂၀၂ ဦး အတွက် တတိယနှစ် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ် ၃၆၄ ဒသမ ၅ သိန်းအား လက်ဝယ်အရောက် ထုတ်ချေးဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပုဂံမြေ)


