ယင်းမာပင်  ၈ အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊  ယင်းမာပင်ခရိုင်၊  ယင်းမာပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အနေဖြင့်  ၂၀၁၉ ခုနှစ် မိုးရာသီ သီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၉ ရက်နေ့က စတင် ထုတ်ချေးပေးခဲ့ပြီး စက်တင်ဘာလ စတုတ္ထပတ်က မြို့နယ်အတွင်းရှိ တောင်သူများအားလုံးထံ ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးကျော်ကျော်ဆန်း ထံမှသိရသည်။

 

ယင်းမာပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၉ ခုနှစ် မိုးရာသီ သီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃၆ အုပ်စုမှ တောင်သူ (၉၈၄၇)ဦးအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း (၇၅၂၀ဝ)ကို တောင်သူများထံ စက်တင်ဘာလ စတုတ္ထပတ်က အားလုံးထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။

 

"ကျွန်တော်တို့ ယင်းမာပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် မြို့နယ်အတွင်း တောင်သူများအား သီးနှံစိုက်ပျိုးချိန်တွင် အထောက်အပံ့ရရှိဖို့ အလေးထား ထုတ်ချေး ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီနှစ်မှာ စပါးသီးနှံ (၂၀၃၈၂) ဧက၊ နှမ်းသီးနှံ(၂၇၂၄၀)ဧက၊ ပဲစင်းငုံ (၁၁၁၃၄)ဧကနှင့် ပဲတီစိမ်း (၆၂၅၃)ဧကတို့အတွက် သီးနှံတစ်ဧက သတ်မှတ်ချေးငွေများအတိုင်း လယ်ယာမြေပိုင်ဆိုင်မှု အထောက်အထား ပုံစံ(၇) မူရင်းများကို ဘဏ်တွင်အပ်နှံကာ ထုတ်ချေးပေးခြင်းဖြစ်ပါတယ်။ ယခင်နှစ်က အခြားသီးနှံများဖြစ်သည့် နှမ်း၊ ပဲစင်းငုံနှင့် ပဲတီစိမ်း စသည့်သီးနှံများအတွက် တစ်ဧကကို ချေးငွေကျပ် ငါးသောင်းနှုန်း ထုတ်ချေးပေးရာမှ ယခုနှစ်တွင် ငွေကျပ် ငါးသောင်းထပ်တိုးပြီး တစ်ဧကကို ငွေကျပ် တစ်သိန်းတိတိ တိုးမြှင့် ထုတ်ချေးပေးခဲ့ပါတယ်" မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးကျော်ကျော်ဆန်း ပြောပြချက်အရ သိရသည်။

 

ယင်းမာပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၂၀၁၈ ခုနှစ် မိုးရာသီ သီးနှံစိုက်ပျိုး စရိတ်ထုတ်ချေးမှုအတွက် ငွေကျပ် ၅၂၆၂၈၅၀ဝ၀ဝ ထုတ်ချေးပေးနိုင်ခဲ့ပြီး ယခုနှစ် ၂၀၁၉ ခုနှစ် မိုးရာသီ သီးနှံစိုက်ပျိုးစရိတ်ထုတ်ချေးမှုတွင် ငွေကျပ် ၇၅၂၀ဝ၀ဝ၀ဝဝ ကို ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။

 

သန်းဌေးအောင်(ကနီ)