လှိုင်းဘွဲ ၈ အောက်တိုဘာ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နေ့လယ်ပိုင်းက ကလေးအလုပ်သမား ပပျောက်ရေးနှင့် ကလေးသူငယ် အခွင့်အရေး အသိပညာပေး ဟောပြောပွဲကို အင်းနို့သိပ္ပံ အလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က ကျောင်းသားကျောင်းသူများအား ကလေးသူငယ်၏ တန်းတူအခွင့်အရေးသည် မြန်မာနိုင်ငံရှိ ကလေးငယ်များ၏ အခွင့်အရေးနှင့် အတူတူပင်ဖြစ်ကြောင်း၊ အသက်မပြည့်သေးသည့် ကလေးသူငယ်များကို အလုပ်သမားအဖြစ် ခိုင်းစေခြင်းသည် ဥပဒေနှင့် မညီညွတ်ကြောင်း၊ ကလေးများ သိသင့်သိထိုက်သည့် ဥပဒေအကြောင်းအရာများ၊ အသက်အန္တရာယ် ဖြစ်စေနိုင်သည့် အလုပ်အကိုင်အကြောင်းအရာများ၊ လိုက်နာကျင့်သုံးရမည့် အလုပ်ဝတ္တရားများနှင့် အလုပ်အကိုင်နှင့် ပတ်သက်သည့် ဗဟုသုတများကို ဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော နံရံကပ်စာစောင်များအား ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှုခဲ့ကြပြီး ကျောင်းသားကျောင်းသူများအနေဖြင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာများ သိရှိလာစေရန်နှင့် ကလေးသူငယ်အခွင့်အရေးများအား သိရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


