ပဲခူး ၈ အောက်တိုဘာ
မြန်မာ-ဂျပန် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဗဟိုဌာန(MJC)မှ တာဝန်ရှိသူများသည် အောက်တိုဘာ ၇ ရက် မွန်းလွဲ ၁ နာရီက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ Team Building အကြောင်း လာရောက်ရှင်းလင်းဆွေးနွေးခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံရေး ပြုပြင်ပြောင်းလဲခြင်း၊ စီးပွားရေး ပြုပြင်ပြောင်းလဲခြင်းနှင့် လူမှုရေးပြုပြင်ပြောင်းလဲခြင်းများ ဆောင်ရွက်ရာတွင် Team Building ကောင်းမွန်ရန် လိုအပ်ကြောင်း၊ Team Building ကောင်းမွန်မှ ပူးပေါင်းဆောင်ရွက်တတ်သည့် အင်အားဖြစ်ပေါ်လာပြီး ကောင်းမွန်သောနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရရှိနိုင်မည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် ယခုရှင်းလင်းပွဲမှတစ်ဆင့် ရရှိလာမည့် အသိပညာများကို မိမိတို့ဌာနရှိ အောက်ခြေဝန်ထမ်းများအထိ ထပ်ဆင့်ရှင်းလင်း အသိပေးရန် လိုအပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMSCCI) ဒုတိယဥက္ကဋ္ဌ (MJC)၏ ဒါရိုက်တာ ဒေါက်တာမျိုးသက်က မြန်မာ-ဂျပန် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဗဟိုဌာန သင်ကြားရေးဆိုင်ရာ ဘာသာရပ်များကိုလည်းကောင်း၊ MJC, Chief Advisor Mr. Kunihiro Yamauchi က မြန်မာ-ဂျပန် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဗဟိုဌာန ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကိုလည်းကောင်း၊ ဒေါက်တာမြင့်ဆန်းက Team Building နှင့်ပတ်သက်သည့် အကြောင်းအရာများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ MJC မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


