မြိတ် ၈ အောက်တိုဘာ

 

စိုက်ပျိုးရေး မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်လမ်းများ ဖော်ဆောင်နိုင်စေရန်နှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်ရည်ရွယ်၍ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ မြစိမ်းရောင် စီမံကိန်းလုပ်ငန်းများကို ကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၈ ရက် နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် တောင်ရှည် ကျေးရွာအုပ်စု ပြင်းတောင်/တောင်ယာထဲ ကျေးရွာတို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာသူကျေးရွာသားများအား တတိယအကြိမ်မြောက် ထုတ်ချေးပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြိတ်မြို့နယ် တောင်ရှည်ကျေးရွာအုပ်စု ပြင်းတောင်/တောင်ယာထဲ ကျေးရွာတို့တွင် ကျေးရွာ(၂)ရွာ ပေါင်း တစ်ယူနစ် ငွေကျပ်သိန်း ၃၀ဝ ဖြင့် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၄ ရက်၌ ပထမနှစ် စီမံကိန်းကို စတင်၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် ချေးငွေများပြန်လည်ပေးဆပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အရောင်းအဝယ်နှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်မည့်သူ (၅၀)ဦးတို့အား ငွေကျပ်(၃၃၁ ဒသမ ၅)သိန်းကို ဒုတိယအကြိမ်မြောက် ထုတ်ချေးပေးခဲ့ရာ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် အရင်းအတိုးငွေများ ပြန်လည်ပေးဆပ်ခဲ့သည်။ ယခုအခါ တတိယအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများ ထပ်မံချေးယူနိုင်စေရန်အတွက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းနိုင်နှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးပြီး ကျေးရွာကော်မတီဝင်များထံ မြစိမ်းရောင်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပြင်းတောင်/ တောင်ယာထဲ ကျေးနှစ်ရွာတို့တွင် အိမ်ခြေ(၁၀၉)အိမ်၊ လူဦးရေ (၅၄၁)ဦး ရှိသည့်အနက် တတိယအကြိမ် မြစိမ်းရောင်ချေးငွေ ထပ်မံချေးယူသူများမှာ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၃၇)ဦးက ချေးငွေကျပ်(၂၇၅)သိန်း၊ အရောင်းအဝယ်လုပ်ကိုင်သူ (၄)ဦးက ချေးငွေကျပ် (၃၈)သိန်းနှင့် ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ (၈)ဦးက ငွေကျပ်(၅၈)သိန်း စုစုပေါင်း လုပ်ငန်းလုပ်ကိုင်မည့်သူ (၄၉)ဦးတို့က ချေးငွေစုစုပေါင်းငွေကျပ် (၃၇၁) သိန်းကို ထုတ်ချေးပေးခဲ့သည်။

 

ပြင်းတောင်/တောင်ယာထဲကျေးရွာတို့တွင် ကျေးရွာနှစ်ရွာပေါင်း(တစ်ယူနစ်) ငွေကျပ်သိန်း (၃၀ဝ)ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်း၏ ပြောကြားချက်အရ သိရသည်။

 

မြင့်ဦး(မြိတ်)