ရေတာရှည် ၈ အောက်တိုဘာ

 

မိုးရာသီကာလကုန်ဆုံး၍ သီတင်းကျွတ်လသို့ ဝင်ရောက်လာပြီဖြစ်ရာ ရုံးပိတ်ရက် မိဘရပ်ထံ ပြန်ကြမည်သူများ၊ သက်ကြီးရွယ်အိုနှင့် မိဘဆရာသမားများကို ကန်တော့ကြသည့် ရိုးရာဓလေ့ကြောင့် နယ်မြို့အသီးသီးတွင် မုန့်အရောင်းအဆိုင်များ အပြိုင်အဆိုင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေကြသည်ကို တွေ့ရှိရသည်။

 

5

 

သီတင်းကျွတ်ရာသီတွင် မုန့်မျိုးစုံရောင်းချသည့် ဆိုင်များအနေဖြင့် မိမိတို့ဝယ်ယူလိုသော ပစ္စည်းများကို တစ်ပတ်ကြိုတင်မှာယူကြရကာ အနီးကပ်မှမှာယူလျှင် အဆင်ပြေမှုမရှိကြောင်း ရေတာရှည်မြို့ လင်းရောင်ခြည် မုန့်မျိုးစုံအရောင်းဆိုမှ သိရှိရသည်။ “ကြိုမှာရတာက တစ်ပတ်ပေါ့၊ ကားတွေနဲ့ဖြန့်တာလဲရှိတယ်။ မုန့်ဆိုရင် အစို အခြောက်နှစ်မျိုးရှိတယ်၊ မုန့်ပုံးတွေရှိတယ်၊ လက်ဆောင်ခြင်းတွေ အမျိုးမျိုးပေါ့။ တစ်ရာသီအတွက်ကို သိန်းရာနဲ့ချီ ဝယ်ယူပြင်ဆင်ထားရတာ၊ ဆိုင်ကြီးရင်ကြီးသလို ရင်းနှီးရတဲ့ငွေကပိုများသွားတာ။ ဈေးကတော့မတက်ပါဘူး ပုံမှန်ပါပဲဟု အဆိုပါမုန့်ဆိုင်ရှင်က ဆက်လက်ပြောသည်။

 

ရွှေ့ပြောင်းတာဝန်ထမ်းဆောင်ရသော ဝန်ထမ်းများ၊ မိမိရပ်ရွာနှင့် ခွဲခွာကြရသူများအနေဖြင့် ဇာတိမြေ မိဘရပ်ထံ ပြန်ကြသူများအနေဖြင့် ယခုလို မုန့်မျိုးစုံအရောင်းဆိုင်များမှ အဓိကဝယ်ယူ၍ ကန်တော့ကြခြင်းဖြစ်သည့်အတွက် မကြာမီ ဈေးကွက်သက်ဝင်လှုပ်ရှားလာမည်ကို ယခုကတည်းက ကြိုတင်ပြင်ဆင်ထားကြခြင်းလည်း ဖြစ်သည်။

 

ကိုလွင်(ဆွာ)