မန္တလေး ၈ အောက်တိုဘာ
မန္တလေးမြို့ တောင်သမန်အင်းရှိ မဉ္ဇူသက နတ်ပန်း (ခ) မယ်ဇယ်ပင်များကို ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် မယ်ဇယ်ပင်အသစ်များ ထပ်မံစိုက်ပျိုးနေကြောင်း မန္တလေးမြို့ Natural Green Alliance သဘာဝစိမ်းအဖွဲ့မှ သိရသည်။
ယခင်က တောင်သမန်အင်းတွင် စိုက်ပျိုးထားသည့် မယ်ဇယ် ပင်များမှာ အင်းရေတက်ချိန် အပြီးတွင် ပျက်စီးဆုံးရှုံးမှုများကြောင့် ပြန်လည်ဖြည့်တင်းသည့်အနေဖြင့် မယ်ဇယ်ပင်ကြီးများ ထပ်မံစိုက်ပျိုးနေကြောင်း သိရသည် ။
" အရင်က မယ်ဇယ်ပင် အပင်သုံးဆယ်ကျော်စိုက်ပျိုးခဲ့တာ လေးပင်လောက်ပဲ ရှင်တယ် ။ ဘယ်နေရာမှာပဲ အပင်စိုက်စိုက် ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှုမရှိရင် အပင်တွေက ဆုံးရှုံးမှာပဲ။ ဒါကြောင့် ဒေသခံတွေကို အခုလိုအထင်ကရ နေရာတစ်ခုရဲ့ အမှတ်အသားအပင်တွေကို ပြန်လည်ထိန်းသိမ်းရာမှာ ပူးပေါင်းစေချင်ပါတယ်။ မနေ့ကတော့ သေသွားတဲ့အပင်တွေ နေရာမှာအစားထိုးဖို့ မယ်ဇယ်ပင်ကြီး ၁၃ ပင်စိုက်ခဲ့တယ်။ နောက်ထပ် ၁၀ ပင်ကျော် ထပ်စိုက်ရဦးမယ်" ဟု တောင်သမန် မယ်ဇယ်ပင်များ ထိန်းသိမ်းစိစစ်ရေးအဖွဲ့ အတွင်းရေးမှူး သဘာဝစိမ်းအဖွဲ့မှ ကိုမောင်မောင်ဦးက ပြောသည်။
တောင်သမန်အင်းတွင် မယ်ဇယ်ပင်များထိန်းသိန်းရန်အတွက် မယ်ဇယ်ပင်အသစ်များ ထပ်မံစိုက်ပျိုးခဲ့ရာ ယနေ့ထိ တောင်သမန်အင်းတွင် မယ်ဇယ်ပင်စိုက်ပျိုးမှု ခြောက်ကြိမ်ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တောင်သမန်အင်းတွင် ရေကြီးသည့်ကိစ္စနဲ့ပတ်သတ်ပြီး သဘာဝဂေဟစနစ် အခြေခံရာသီ ဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရေး စီမံကိန်းရေးဆွဲ ဆောင်ရွက်ရန် မျှော်မှန်းထားကြောင်း မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနမှ သိရသည်။
သူရိန်လင်း


