မန္တလေး ၈ အောက်တိုဘာ

 

မန္တလေးခရိုင်အတွင်းတွင် သီတင်းကျွတ်ကာလအတွင်း၌ ဗြောက်အိုး နှင့် မီးရှုး မီးပန်းများ ပစ်ဖောက်ခြင်း ရောင်းဝယ်ခြင်းများ ပြုလုပ်လျှင် အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့ရုံးမှ သိရသည် ။

 

သီတင်းကျွတ်ကာလတွင် ဗြောက်အိုး၊မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များ ပစ်ဖောက်မှုကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေခြင်း၊ မသမာသူများမှ ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးကို ထိခိုက်အောင် ပြုလုပ်လာနိုင်ခြင်းကြောင့် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများမပြုလုပ်ကြရန်နှင့်  လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်သည် ။

 

"မန္တလေးမြို့မှာတော့ ခုကနေစပြီးဗြောက်အိုးရောင်းချသူတွေကို လိုက်လံစစ်ဆေးနေပါတယ် ။ ခုချိန်ထိတော့မတွေ့သေးဘူး ။ရောင်းတဲ့သူ တွေ့ရင်တော့ ဖမ်းမယ်။ " ဟု အဆိုပါရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောသည် ။

 

အဆိုပါ ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များ ပစ်ဖောက်ဆော့ကစားမှုကို အကြောင်းပြု၍ မသမာသူများ အနေဖြင့် အခွင့်အကောင်းယူကာ ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးကို ထိခိုက်စေသော လုပ်ငန်းများ ပြုလုပ်လာနိုင်သောကြောင့် ယခုလိုလုပ်ဆောင်ရခြင်း ဖြစ်ကြောင်း သိရသည် ။

 

" ဗြောက်အိုးတွေကို ဖောက်တဲ့သူကော ရောင်းချတဲ့သူကောတွေ့ရင် ပစ်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့အရေးယူခံရမယ် " ဟု၎င်းကဆက်ပြောသည် ။

 

မန္တလေးခရိုင်ရဲတပ်ဖွဲ့အနေဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကြိုတင်ကာကွယ်ရေး  လုပ်ငန်းမျာလုပ်ဆောင်နေခြင်းကြောင့်  ဗြောက်အိုး၊ မီးရှူးနှင့်၊ မီးဒုံး(ရှူးဒိုင်း)များ ပစ်ဖောက်ခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းများ မပြုလုပ်ကြပါရန်ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့မှတဆင့် ကြေငြာ ခိုင်းထားကြောင်း သိရသည် ။

 

သူရိန်လင်း