ခန္တီး ၈ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ကျေးရွာ ၁၈ ရွာကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
"ကျန်တော်တို့ ခန္တီးမြို့နယ်မှာဆိုရင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း ၁၈ ရွာအထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ကျေးလက်နေ ပြည်သူတွေက ရွေးချယ်ပေးတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဦးစာပေးအဆင့်အလိုက် သတ်မှတ်ပြီး ဦးစားပေး (၁) လုပ်ငန်းကိုတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငွေကျပ်သိန်း ၁၀ဝ ထောက်ပံ့ပေးပြီး ကျေးရွာမှ ပြည်သူများထည့်ဝင်ငွေနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ မိမိတို့ကျေးရွာ စဉ်ဆက်မပျက် ဖွံ့ဖြိုးရေးအတွက် ကျေးလက်နေ ပြည်သူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်မှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၏ ရည်ရွယ်ချက် ရည်မှန်းချက်များကို အောင်မြင်စွာ ကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက် ပြည်သူအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုပါတယ်"ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းခွန်းလုံက ပြောသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ရေပေးဝေရေး ကျေးလက်မီးလင်းရေး လုပ်ငန်းများအပြင် ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် အသေးစားချေးငွေလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ အသက်မွေးဝမ်းကြောင်း အထောက်အကူပြုသင်တန်းများ ပို့ချသင်ကြားပေးခြင်း၊ ကျေးလက်နေပြည်သူများကိုယ်တိုင် ပါဝင်ရေးဆွဲတဲ့ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းများရေးဆွဲ၍ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း စသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချန်လော(ခန္တီး)


