အောက်တိုဘာ ၈

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသော တိုင်းဒေသကြီးအတွင်းရှိ မြေများကို စီးပွားရေး/စက်မှုလုပ်ငန်း လုပ်ကိုင်ရန်နှင့် လူနေထိုင်ရန်အတွက် အဆင့်သုံးဆင့်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးသန်းက ပြောသည်။

 

အဆိုပါ မြေရောင်းချမှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသည့် မြေစီမံခန့်ခွဲမှုကော်မတီမှ အဆင့်သုံးဆင့်ဖြင့် သတ်မှတ်ကာ ရောင်းချပေးမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံလေးမြို့နယ်ရှိ မြေကွက်ပေါင်း ငါးရာကျော်ကို ရောင်းချပေးမည်ဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် မြောင်းတကာစက်မှုဇုန်ရှိ စက်မှုမြေကွက် ၁၈၀ ကျော်ကို ရောင်းချပေးမည်ဖြစ်ကြောင်း၊ တတိယအဆင့်အနေဖြင့် ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်းရှိ ယခင် စိုက်ပျိုးရေးဇုန်အဖြစ် သတ်မှတ်ထားသည့် မြေဧက ၉၀ဝ၀ ကျော်ကို ရောင်းချသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

 

"ပထမအဆင့်နေနဲ့ ရောင်းချဖို့ မြေကွက်ပေါင်း ၅၀ဝ ကျော်လောက် ရွေးချယ်ထားတာရှိပါတယ်၊ ဒီမြေများသည် မြေကွက်အသစ်တွေဖော်ထုတ်ထားတဲ့ မြေကွက်မဟုတ်ပါဘူး၊ ယခင်ကာလက မြို့သစ်တွေ ဖော်ထုတ်ခဲ့ပါတယ်၊ ဒဂုံ လေးမြို့နယ်နဲ့ လှိုင်သာယာ၊ ရွှေပြည်သာ ဒီလိုမြို့သစ်တွေ ဖော်ထုတ်ပြီးတော့ မြို့ပြစီမံကိန်းတွေအဖြစ် သတ်မှတ်ထားသော်လည်းဘဲ ယနေ့အချိန်ထိ မြို့ပြစီမံကိန်း လူနေအဆောက်အဦး အကောင်အထည်မဖော်နိုင်သေးလို့ ကျန်နေတဲ့ အစိုးရစီမံခန့်ခွဲနိုင်သော မြေများဖြစ်ပါတယ်၊ အဲဒီမြေတွေကို ပြန်လည်ရောင်းချဖို့ စီစဉ်ခြင်းဖြစ်ပါတယ်"ဟု ဦးသန်းက ပြောသည်။

 

လက်ရှိ ပထမအဆင့် ရောင်းချမယ့် မြေကွက်ငါးရာကျော်အတွက် မြေအသုံးပြုခွင့် လျှောက်လွှာများကို ယခုလ ၇ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စုပေါင်းရုံးတွင် ဝယ်ယူနိုင်ပြီး လာမည့် နိုဝင်ဘာ ၈ ရက်တွင် လျှောက်လွှာ ပြန်တင်ရမည်ဖြစ်သည်။

 

ထိုသို့ လုပ်ဆောင်ခြင်းမှာ အမှန်တကယ် စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလက်မှုလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်နှင့် လူနေအဆောက်အဦးအဖြစ် အသုံးချနိုင်ရန်အတွက် လိုအပ်သည့် အဖွဲ့အစည်း လူပုဂ္ဂိုလ်များကို စိစစ်ကာ  မြေစီမံခန့်ခွဲမှုကော်မတီက ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

 

"မြေကွက်တစ်ကွက်ထဲကို နှစ်ယောက် သုံးယောက် အပြိုင်လျှောက်ထားတာတွေလဲ ရှိပါလိမ့်မယ်၊ ကျွန်တော်တို့က သူတို့တင်ပြလာတဲ့ လျှောက်လွှာတွေအပေါ်မှာ စိစစ်ပါမယ်၊ တချို့စီးပွားရေး လုပ်ငန်း လုပ်ကိုင်ဖို့အတွက်  လျှောက်တဲ့လျှောက်လွှာမှာလဲ သူတို့ရဲ့ငွေကြေးရင်းနှီးမြှုပ်နှံမှု အခြေနေ  ဆောင်ရွက်မယ့် ပရောဂျက် ဘာလုပ်မှာလဲ ဒါတွေကို ကြည့်ပြီးတော့မှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသော မြေစီမံခန့်ခွဲမှုကော်မတီကနေ  စိစစ်ပြီးတော့မှ ရောင်းချသင့်တဲ့ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ သူတို့ကိုရွေးချယ်ပြီးတော့မှ အစိုးရရုံးကိုပြန်တင်မှာပါ၊ အစိုးရရုံးအတည်ပြုချက်နဲ့မှ ရောင်းချပေးမှာဖြစ်ပါတယ်"ဟု ဦးသန်းက ပြောသည်။

 

ထိုသို့ ရောင်းချလိုက်သည့်မြေများမှာလည်း အာမခံချက်အပြည့်ရှိကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

 

"ဒါသည် လူထုကို ကျွန်တော်တို့လက်ထက်မှာ ရောင်းနိုင်ခွင့်ရှိတုန်း ရောင်းပေးတာ၊ အမြတ်အတွက်ကြောင့် မဟုတ်ဘူး၊ မရသေးတဲ့လူတွေ အိမ်ဆောက်ချင်တဲ့သူတွေ သူတို့ဘဝအတွက်ကို ရည်ရွယ်ပြီးရောင်းတာ၊ ဒါရောင်းတာမှန်ပါတယ် သို့သော် ဒီရောင်းတာသည် တစ်ဦးတစ်ယောက်ထဲနဲ့ မဟုတ်ပါဘူး အစိုးရအဖွဲ့အစည်းအနေနဲ့ ရောင်းတဲ့အတွက်ကြောင့် အာမခံချက်ရှိပါတယ်"ဟု  ဦးမောင်မောင်စိုးက ပြောသည်။

 

လက်ရှိ ရောင်းချမည့်မြေများမှာ ယခင်က လျော်ကြေးတစ်စုံတစ်ရာမပေးဘဲ သိမ်းယူထားခဲ့သည့် မြေများဖြစ်ပြီး ယင်းမြေများ၏  မူလလယ်သမားများကို မြေယာလျော်ကြေးပေးရန်အတွက် ပိုနေသည့် မြေကွက်များကို ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း၊ လက်ရှိ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းရေးဆိုင်ရာ ပြန်လည်စိစစ်ရေး ကော်မတီက စိစစ်ကာ မြေယာလျော်ကြေးပေးရန် စိစစ်ထားသည့် အမှုတွဲပေါင်း သုံးထောင်ကျော်ရှိပြီး ယင်းအနက် ပြီးခဲ့သည့်လ ၂၈ ရက်က မူလလယ်သမားများကို မြေယာလျော်ကြေး ၆ ဒသမ ၉ ဘီလျံကျော်လျော်ပေးပြီးဖြစ်ကြောင်း၊ လာမည့် ၂၀၁၉-၂၀၂၀ ဘတ်ဂျက်တွင်လည်း မူလလယ်သမားများကို မြေယာလျော်ကြေး ၃၁ ဘီလျံလျော်ရန် လျာထားထားကြောင်း ဦးသန်းက ထပ်မံပြောကြားသည်။

 

ငြိမ်းငြိမ်း