ပွင့်ဖြူ   ၈  အောက်တိုဘာ    

           

China Foundation for Poverty Alleviation Myanmar Office(CFPA) တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖောင်ဒေးရှင်းအဖွဲ့မှ ကျောင်းသား ကျောင်းသူများအတွက် ကျောပိုးအိတ်နှင့် စာရေးကိရိယာပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို အောက်တိုဘာ ၈ ရက် ၊ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု ထူးပေါက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။

           

အခမ်းအနားတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ် ပညာရေးမှူး ဦးလှိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖောင်ဒေးရှင်း မြန်မာနိုင်ငံရုံးခွဲမှ အကြံပေးအရာရှိ Mr. Xiao Pan က ထောက်ပံ့လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်နှင့် လှူဒါန်းမည့်ပစ္စည်းများအကြောင်းကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

ထို့နောက် ထူးပေါက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းဝေနှင့် မဲဇလီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်ထွန်းတို့က ကျောင်းသား ကျောင်းသူများအတွက် ကျောပိုးအိတ်များနှင့် သင်ထောက်ကူ စာရေးကိရိယာပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးမှုအပေါ် ကျောင်းသားမိဘများကိုယ်စား ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

 

1

           

ဆက်လက်၍ လက်ထောက်မြို့နယ် ပညာရေးမှူး ဦးလှိုင်ဝင်းနှင့် တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖောင်ဒေးရှင်း မြန်မာနိုင်ငံရုံးခွဲမှ အကြံပေးအရာရှိ Mr. Xiao Pan နှင့် တာဝန်ရှိသူများက ထူးပေါက်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းသား ကျောင်းသူ (၅၄)ဦးအား တစ်ဦးချင်းအလိုက် ကျောပိုးအိတ်နှင့် သင်ထောက်ကူ စာရေးကိရိယာ ပစ္စည်း ၁၅ မျိုးတို့ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ပြီး စုပေါင်းအမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

           

အဆိုပါ China Foundation for Poverty Alleviation Myanmar Office(CFPA) တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်းအဖွဲ့မှ ယခုကဲ့သို့ ကျောင်းသား ကျောင်းသူများအတွက် စာရေးကိရိယာပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခြင်းကို ပွင့်ဖြူမြို့နယ် ထူးပေါက်ကျေးရွာ (အ.မ.က)ကျောင်း အပါအဝင် မြို့နယ်အတွင်းရှိ (အ.မ.က)ကျောင်း ၊ (အ.မ.က-ခွဲ)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့အား ထောက်ပံ့လှူဒါန်းပေးမည်ဖြစ်ကာ စုစုပေါင်း ကျောင်းပေါင်း ၇၂ ကျောင်းမှ ကျောင်းသား ကျောင်းသူ ၄၀၂၀ အား ကျောပိုးအိတ်နှင့် စာရေးကိရိယာပစ္စည်း ၄၀၂၀ စုံ ထောက်ပံ့ လှူဒါန်းပေးသွား မည်ဖြစ်ကြောင်း ၊ ယခုကဲ့သို့ ထောက်ပံ့လှူဒါန်းနိုင်ရန်အတွက် တရုတ်နိုင်ငံအတွင်းရှိ စေတနာရှင်များမှ Alibaba ပရဟိတ၏ ထောက်ပံ့ပေးမှုဖြင့် လှူဒါန်းပေးခြင်းဖြစ်ကြောင်း အဆိုပါ China Foundation for Poverty Alleviation Myanmar Office(CFPA) တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖောင်ဒေးရှင်း မြန်မာနိုင်ငံရုံးခွဲမှ အစီအစဉ်မန်နေဂျာ ဦးစိုးမိုးအောင်ထံမှ သိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)

 

1