ရန်ကုန်  ၈  အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရန်ကုန်မြို့သစ်စီမံကိန်း မူလမြေပိုင်ရှင်များသို့ မြေ ၂၀ ရာခိုင်နှုန်း ပြန်လည်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

 

မြေပြန်လည်ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာ ၈ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်း စက်ကလေးဘလုတ်ညွှန့်ကျေးရွာ၊ ခါတော်မီဘုန်းကြီးကျောင်း တိုက်ရှိ ရန်ကုန်မြို့သစ်စီမံကိန်း မြေနေရာပြန်လည် ချထားရေးလုပ်ငန်း အဖွဲ့ရုံး၌ ကျင်းပခဲ့သည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယခုဆောင်ရွက်နေသည့် မြေသိမ်း အမိန့်အားလုံးသည်  လုပ်ထုံးလုပ်နည်းနှင့် အညီ မိမိတို့ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအခြေအနေပေါ် မူတည်ပြီး ဒီမြို့သစ်ကို ဆက်ပြီး အကောင်အထည်ဖော်နိုင်ဖို့အတွက် ပြည်သူများနှင့် ထိတွေ့မှုများ ဆောင်ရွက်ခဲ့ရကြောင်း၊ မိမိတို့ပေးမည့် မြေလျော်ကြေးက မြို့မြေဖြစ်ပြီး၊  မြို့မြေနှင့် လယ်မြေဈေးနှုန်း ကွာခြားမှုသည် များစွားကြီးမားကြောင်း၊ လယ်မြေများ ပြန်မပေးနိုင်တော့သည့် အခြေအနေမှာ မြေလျော်ကြေးပေးနေခြင်းသည်  မြို့ဖြစ်သွားသည့်အတွက် အခြေခံ အဆောက်အအုံ လမ်းများ၊ မီးများ၊ ရေများ လိုအပ်ကြောင်း၊ ဥပမာ ဒဂုံလေးမြို့နယ်ကို မြေသိမ်းခဲ့ကြောင်း၊ လျော်ကြေးပေးမှု တချို့နေရာများမှာ  မရှိခဲ့သည့်အတွက် မိမိတို့ အခုလျော်ကြေးပေးနိုင်ဖို့ ပြင်ဆင်နေကြောင်း၊  ပြီးခဲ့သည့်ရက်ပိုင်းမှာ ၇ ဘီလီယံ နီးနီး လျော်ပေးခဲ့ပြီး၊ ယခု နောက်ထပ် ၃၀ ဘီလီယံကျော် ထပ်လျော်ဖို့ပြင်ဆင်နေကြောင်း၊ လာမည့် ဧပြီလမှာ ၂၀ဝ ဘီလီယံလောက် လျော်ပေးဖို့ ပြင်ဆင်ရမှာ ဖြစ်ကြောင်း၊ ဘာကြောင့် မြေလျော်ကြေးပေးဖို့ လုပ်ရလဲဆိုလျင်  မြို့ပြဖြစ်သွားသည့် နေရာများမှာ မြေသည်မြို့မြေ ဖြစ်သွားခြင်းကြောင့် လယ်ပြန်စိုက်လို့မရတော့ကြောင်း၊ လယ်သိမ်းထားသည့် နေရာများမှာ လယ်ပြန်စိုက်ရန် ပုံစံခွန် ထုတ်ပေးမှုကို မလုပ်နိုင်သည့် နေရာများမှာ မြေလျော်ကြေးပေးဖို့ ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

mdn

 

ထို့နောက် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးဝန်ကြီးဦးဟံထွန်း၊ ရန်ကုန်မြို့တော် ဒုတိယမြို့တော်ဝန် ဦးစိုးလွင်၊ ကြည့်မြင်တိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက မူလမြေပိုင်ရှင်များအား မြေကွက်အမျိုးအစားအလိုက် ၂၀ ရာခိုင်နှုန်း ယာယီမြေပေးမိန့်များ ပေးအပ်ခဲ့ကြသည်။

 

ယင်းနောက် ဒေသခံ မြေပိုင်ရှင်များကိုယ်စား ဒေသခံတောင်သူ ဦးမျိုးကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

mdn

 

ယခုကျင်းပသည့် မြေပြန်လည်ပေးအပ်ခြင်းမှာ ကြည့်မြင်တိုင်မြို့နယ် တစ်ဘက်ကမ်းဧရိယာအတွင်းရှိ တောင်သူများအား ယခင်လယ်မြေမှ ယခု မြို့မြေနေရာအဖြစ် နှစ်ဆယ်ရာခိုင်နှုန်းဖြင့် တောင်သူ (၁၈၇)ဦး ၏ ဧရိယာ (၁၅၁၄)ဧက အတွက် ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

 

ဆန်းကျော်ဦး (ပြန် /ဆက်)