နေပြည်တော် ၈ အောက်တိုဘာ
လူထုဗဟိုပြုစီမံကိန်း ဆဋ္ဌမနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြည်သူလူထု၏ လူနေမှုဘဝနှင့် လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချိတ်ဆက်နေသည့်အတွက် မဖြစ်မနေ ဆောင်ရွက်ပေးရမည့် အရေးကြီး ကိစ္စရပ်များဖြစ်ပါကြောင်း၊ ပြည်သူကိုဗဟိုပြုသည့် ဒီမိုကရေစီခေတ်ကာလတွင် ပြည်သူ့ဘဝ တိုးတက် မြင့်မားအောင် ဆောင်ရွက်ပေးနိုင်သည့် အခွင့်အလမ်းများ များစွာပေါ်ထွက်လာခဲ့ရာ လူထုဗဟိုပြု စီမံကိန်းသည်လည်း တစ်ခုအပါ အဝင်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူထုကိုယ်တိုင်က ဦးဆောင်၍ ကိုယ်တိုင်အကောင်အထည်ဖော်သည့် အလေ့အကျင့်မျိုး ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ ကမ္ဘာ့ဘဏ်၏ ကနဦးစတင်ကူညီမှုဖြင့် ယခုစီမံကိန်းကို အကောင်အထည်ဖော်ခဲ့သည်မှာ ယခုဆိုလျှင် ဆဋ္ဌမနှစ် အထိ ရောက်ရှိလာပြီဖြစ်ပါကြောင်း။
ပြည်သူအခြေပြု စီမံကိန်းများ၏အစ လူထုဗဟိုပြုစီမံကိန်းကဟု ဆိုရလောက်အောင် လူထုဗဟိုပြု စီမံကိန်းကို ကျေးလက်ပြည်သူများနှင့် အရင်းနှီးအကျွမ်းဝင်ဆုံး စီမံကိန်းတစ်ခုဖြစ်အောင် အကောင်အထည် ဖော်နိုင်ခဲ့ပါကြောင်း၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာရေးတွင် မရှိမဖြစ်လိုအပ်သည့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးလာစေရေး၊ ပြည်သူ့ရေးရာ ဝန်ဆောင်မှုများကို ပြည်သူဗဟိုပြု ချဉ်းကပ်မှု နည်းလမ်းဖြင့် ဖော်ဆောင်ပေးနိုင်ရေး၊ အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက လျင်မြန်စွာ တုံ့ပြန်ဖြေရှင်းနိုင်ရေးနှင့် စွမ်းဆောင်ရည် မြင့်မားလာစေရေးတို့ကို ရည်ရွယ်၍ လူထုဗဟိုပြုစီမံကိန်းကို အကောင်အထည် ဖော်ပေးခဲ့ခြင်းဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများသည် သိသာထင်ရှားစွာ တိုးတက်လာသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း။
ယခုကဲ့သို့ ပြည်သူလူထုအကျိုးခံစားရသည့် လူထုဗဟိုပြုစီမံကိန်းကို တစ်နှစ်ထက်တစ်နှစ် ပိုမိုပြည့်စုံ ကောင်းမွန်အောင် အကောင်အထည်ဖော် ဆောင်ပေးနိုင်ရန် သုံးသပ်ဆွေးနွေးပွဲများကို နှစ်စဉ်ကျင်းပ လျက်ရှိပါကြောင်း၊ သုံးသပ်ဆွေးနွေးပွဲများမှ ရရှိသည့် အတွေ့အကြုံ၊ သင်ခန်းစာနှင့် စိန်ခေါ်မှုများကို ယနေ့ ဆွေးနွေးကြပြီး ဖြည့်ဆည်းဖြေရှင်းကာ တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်ပြည့်စုံအောင် အကောင်အထည် ဖော်နိုင်ခဲ့ကြသည့်အတွက် စီမံကိန်းကျေးရွာပေါင်း (၁၂၀၀၀)ကျော်ရှိ လူဦးရေ ၇ ဒသမ ၁ သန်းကျော်သည် စီမံကိန်း၏ အကျိုးကျေးဇူးများကို ရရှိခံစားနေကြရပြီ ဖြစ်ပါကြောင်း၊ နှောင်လာမည့် နှစ်များတွင်လည်း အရည်အသွေးပြည့်မီစွာ အကောင်အထည် ဖော်ဆောင်ပေးနိုင်ရန် တက်တက်ကြွကြွ ဆွေးနွေးအကြံပြုပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ကမ္ဘာ့ဘဏ်၏ Acting Country Director, Mr. Gevorg Sargsyan က အမှာစကားပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က စီမံကိန်းအကြောင်းအရာ အနှစ်ချုပ်ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီးဦးလှကျော်၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများသည် စီမံကိန်းလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုး၊ စီမံကိန်းမန်နေဂျာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှခိုင်၊ ကမ္ဘာ့ဘဏ်၏ Lead Social Development Specialist, Mr. Sean Bradley ၊ Asia Foundation၏ Senior Consultant, Mr. Roger Shotton တို့က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဘက်စုံပူးပေါင်းဆောင်ရွက်ခြင်း၊ ရေရှည်တည်တံ့အောင် ဆောင်ရွက်ခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။
ယင်းနောက် စီမံကိန်းမန်နေဂျာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှခိုင်က ဆဋ္ဌမနှစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသူများက စီမံကိန်းကောင် အထည်ဖော်ဆောင်ရွက်မှုနှင့် နည်းပညာ အခက်အခဲ များအပေါ် အုပ်စုငယ်များဖွဲ့၍ ကဏ္ဍအလိုက်ဝိုင်းဝန်း ဆွေးနွေးကြသည်။
လူထုဗဟိုပြုစီမံကိန်းကို မြို့နယ်ပေါင်း (၆၃)မြို့နယ်ရှိ ကျေးရွာပေါင်း(၁၂၀၀၀)ကျော်၌ အကောင်အထည် ဖော်ခဲ့ပြီး စီမံကိန်းကျေးရွာများအနေဖြင့် မိမိတို့ကျေးရွာတွင် လိုအပ်လျက်ရှိသည့် လူမှုရေးဆိုင်ရာ အခြေခံ အဆောက်အအုံများကို ကိုယ်တိုင်ရွေးချယ်ခြင်း၊ ကိုယ်တိုင် အကောင်အထည်ဖော်ခြင်း၊ ကိုယ်တိုင် ကြီးကြပ်ခြင်းနှင့် ကိုယ်တိုင်တာဝန်ယူ၍ လုပ်ငန်းလည်ပတ်ခြင်း စသည်ဖြင့် ပြည်သူ့အားကိုရယူကာ စီမံကိန်းလုပ်ငန်းခွဲ အစမှအဆုံးအထိ ပြည်သူက တာဝန်ယူလုပ်ဆောင်ရသည့် စီမံကိန်းဖြစ်သည်။
ထို့ပြင် စီမံကိန်းလုပ်ငန်းများကို မြို့နယ် (၁၃)မြို့နယ်၌ ဆက်လက် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


