၈ အောက်တိုဘာ

 

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲစဉ် (၃)ကို အောက်တိုဘာ ၁၀ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းသည် ကာဂျစ္စတန်အသင်းနှင့် အဝေးကွင်းပွဲ ကစားရမည် ဖြစ်သည်။

 

ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် နှစ်ပွဲကစား နှစ်ပွဲရှုံးနိမ့်ထားသည့် မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် ကာဂျစ္စတန်နှင့် အဝေးကွင်းပွဲတွင် ပထမဆုံးရမှတ် ရယူနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စု (စ) တွင် ကျရောက်နေပြီး မွန်ဂိုလီးယား၊ ဂျပန်အသင်းတို့နှင့် ကစားထားသည့် ပွဲများတွင် အရေးနိမ့်ထားခြင်း ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ယခုလ အတွင်းကစားမည့် ခြေစမ်းပွဲများတွင် တစ်ပွဲသာ ကစားရမည်ဖြစ်ပြီး အဝေးကွင်းဖြစ်သောကြောင့် ပိုမိုရုန်းကန်ရဖွယ်ရှိနေသည်။ မြန်မာ့လက်ရွေးစင် အသင်းသည် မွန်ဂိုလီးယား အသင်းကို အဝေးကွင်း တစ်ဂိုး-ဂိုးမရှိ၊ ဂျပန်အသင်းကို အိမ်ကွင်း၌ နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ထားသည်။

 

မြန်မာ့လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ရမည့် ကာဂျစ္စတန်အသင်းသည် တစ်ပွဲကစား တစ်ပွဲရှုံးနိမ့်ထားပြီး တာဂျစ် ကစ္စတန်အသင်းကို အဝေးကွင်း၌ တစ်ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်ထားခြင်းဖြစ်သည်။ မြန်မာနှင့် ကာဂျစ္စတန် အသင်းသည် ၂၀၁၉ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲတွင် တွေ့ဆုံထားသည့် အသင်းများဖြစ်ပြီး နိုင်ပွဲ မရသေးသည့် မြန်မာအသင်းအနေဖြင့် အဝေးကွင်းဖြစ်သောကြောင့် ရှုံးကြွေးပြန်ဆပ်နိုင်ရန် ခက်ခဲဖွယ်ရှိနေသည်။

 

ကာဂျစ္စတန်နှင့် အဝေးကွင်းပွဲတွင် လုံခြုံရေးအခြေအနေကြောင့် ကျင်းပနိုင်ခြင်းမရှိဘဲ တောင်ကိုရီးယားနိုင်ငံ၌ ပြောင်းလဲကစားခဲ့ရပြီး ယခုပွဲကိုမူ ကာဂျစ္စတန်နိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းသည် ပြီးခဲ့သည့် အာရှဖလားခြေစစ်ပွဲတွင် အိမ်ကွင်း၌ နှစ်ဂိုးစီသရေကျခဲ့ပြီး ကြားကွင်း၌ ငါးဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။

 

မြန်မာ့လက်ရွေးစင် အသင်းသည် ယင်းပွဲယှဉ်ပြိုင်ရန် အောက်တိုဘာ ၆ ရက် ညနေပိုင်းက ကာဂျစ္စတန်နိုင်ငံသို့ ထွက်ခွာသွားပြီး အောက်တိုဘာ ၈ ရက်မှစ၍ လေ့ကျင့်လျက်ရှိသည်။ ကာဂျစ္စတန်အသင်းနှင့် မြန်မာ အသင်းတို့၏ ပွဲစဉ်ကို အောက်တိုဘာ ၁၀ ရက် မြန်မာစံတော်ချိန် ည ၉ နာရီတွင် ကျင်းပမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်