မန္တလေး ၈ အောက်တိုဘာ

 

မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ မိမိတို့လိုရာခရီးကို အဆင်ပြေချောမောစွာ သွားလာနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိရာ လာမည့်သီတင်းကျွတ် ရုံးပိတ်ရက်အတွင်း နေရပ်ဒေသ အသီးသီးသို့ ပြန်ကြမည့် ခရီးသွားပြည်သူများနှင့်ဝန်ထမ်းများ သွားလာမှုအဆင်ပြေစေရေးအတွက် သီတင်ကျွတ်ရုံးပိတ်ရက်ကာလများအတွင်း ရန်ကုန်- မန္တလေး ခရီးစဉ်နှင့် မန္တလေး-ရန်ကုန် ခရီးစဉ်များအတွက် အထူးအမြန်ရထား (၂)စီးကို တိုးချဲ့ပြေးဆွဲရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

အဆိုပါ ရန်ကုန်-မန္တလေး အဆန် အထူးရထားသည် ရန်ကုန်မှ ညနေ ၄ နာရီခွဲတွင် စတင်ထွက်ခွာပြီး နောက်တစ်နေ့ နံနက် ၁၀:၄၀ နာရီတွင် မန္တလေးသို့ ရောက်ရှိမည်ဖြစ်ပြီး မန္တလေး-ရန်ကုန် အစုန်အထူးရထားသည် မန္တလေးမှ ညနေ ၆ နာရီတွင် စတင်ထွက်ခွာကာ နောက်တနေ့ မွန်းတည့် ၁၂နာရီတွင် ရန်ကုန်သို့ ရောက်ရှိမည် ဖြစ်သည်။ အစုန်/အဆန် အထူးရထားများအနေဖြင့် အမှတ်(၃/၄) အမြန်ရထားများ ရပ်တန့်သည့် ဘူတာများဖြစ်သည့် တိုးကြောင်ကလေး၊ ပဲခူး၊ ဒိုက်ဦး၊ ပြွန်တန်ဆာ၊ ညောင်လေးပင်၊ ပိန်းဇလုပ်၊ ကျောက်တံခါး၊ ကညွတ်ကွင်း၊ ဖြူး၊ တောင်ငူ၊ ဧလာ၊ ပျဉ်းမနား၊ နေပြည်တော်၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ညောင်ရမ်း၊ သာစည်၊ သဲတော၊ မြစ်သားနှင့် ကျောက်ဆည်ဘူတာမျာတွင် ရပ်တန့်ပေးသွားမည် ဖြစ်သည်။

 

ရထားလက်မှတ်များရောင်းချရာတွင် အထက်တန်းလက်မှတ်များကို အောက်တိုဘာလ ၈ ရက်နေ့မှ စတင်၍ လည်းကောင်း ရိုးရိုးတန်းလက်မှတ်များကို အောက်တိုဘာလ ၉ ရက်နေ့မှ စတင်၍လည်းကောင်း သက်ဆိုင်ရာ လက်မှတ်ရုံအသီးသီးတွင် ရောင်းချပေးသွားမည် ဖြစ်ပြီး လက်မှတ်ခများမှာ ရန်ကုန်မှ မန္တလေး ခရီးစဉ်အတွက် အထက်တန်း ၉၃၀ဝ ကျပ်နှင့် ရိုးရိုးတန်း ၄၆၅၀ ကျပ်တို့ ဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)