ဒီမိုကရေစီစနစ် တည်တံ့ခိုင်မာမှုဟုဆိုသည်နှင့် ရွေးကောက်ပွဲများ မည်သို့မည်ပုံ ကျင်းပနေသည်၊ မည်ရွေ့မည်မျှ တရားမျှတ၍ သန့်ရှင်းအောင် ကျင်းပဆောင်ရွက်နိုင်သည်လဲ ဆိုသည်က အခရာကျသော လုပ်ငန်းရပ်များ ဖြစ်သည်။

အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့သော ဒီမိုကရေစီ အုတ်မြစ်ခိုင်မာရေးကို ကျားကုတ်ကျားခဲ တည်ဆောက်နေရသည့် နိုင်ငံအဖို့ ပို၍ ပို၍ပင် အားထုတ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။

အတိတ်ကို ပြန်လည်စောင်းငဲ့ကြည့်လျှင် ဒီမိုကရေစီနိုင်ငံများအဖို့ သာမန်ကိစ္စဟု ရှုမြင်ကောင်း ရှုမြင်နိုင်သည့် မဲပေးခွင့်ရှိသူ များ၏ စာရင်းပြုစုရေးဆိုသည်ကပင် များစွာသော ရှုပ်ထွေးမှုများ၊ ခက်ခဲမှုများ ရှိသည်ဆိုခြင်းကို တွေ့ရပါမည်။

ယခုကာလကဲ့သို့ စာရင်းဇယားများဆိုင်ရာ လွယ်ကူချောမွေ့ရေးအတွက် အထောက်အပံ့ဖြစ်စေသည့် အီလက်ထရွန်နစ် စနစ်များ၊ ကွန်ရက်စနစ်များကို အသုံးချရမည်မှာပင် ကွန်ရက်မှတစ်ဆင့် ဝင်ရောက်လာမည့် အနှောင့်အယှက်များ၊ ကွန်ရက်တိုက်ခိုက်မှုများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းခွင် ကွန်ရက်များကို ခိုးဝင်ဖောက်ဖျက်မှုများကအစ သတိထား ကာကွယ်ရမည့် လုပ်ငန်းရပ်များက တစ်ပုံတစ်ခေါင်း။

သည်လို မတော်တဆမှုများ၊ မရိုးသားမှုများ ပေါ်ပေါက်လာသည်နှင့် အရေးပေါ်ကာကွယ်ရမည့် နည်းလမ်းများ၊ တရားမျှတ ရေးအတွက် ရုတ်ခြည်း မည်သို့ပြန်လည်တုံ့ပြန်ဖြေရှင်းမည်ဆိုသည့် လုပ်ငန်းရပ်များကအစ များစွာ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်မည် ဖြစ်ပါသည်။

ယေဘုယျအားဖြင့် မြန်မာနိုင်ငံ ပြည်သူအများစုက ဒီမိုကရေစီစနစ် အပြောင်းအလဲကို ကြိုဆိုကြသည်။ ပြည်သူတို့က ဒီမိုကရေစီ ကျင့်စဉ်များအတိုင်း ဖြစ်မြောက်ရေးကို မျှော်လင့်ကြ၊ ကူညီအားပေးလိုကြသည် ဆိုသော်လည်း ဒီမိုကရေစီကို မလိုလားသူများ၊ ဒီမိုကရေစီ ခိုင်မာသည်နှင့်အမျှ ကိုယ်ကျိုးစီးပွား ထိခိုက်တော့မည်ဟု ထင်မြင်နေသည့် အင်အားစုများက ဒီမိုကရေစီ ဖြစ်ထွန်းရေးကို ဆန့်ကျင်လိုကြလေသည်။

ဒီမိုကရေစီ ရွေးကောက်ပွဲဆိုသည်က မဲပေးမည့်သူများ မဲပေးခွင့်ရှိသူများ၏ စာရင်းမှအစ၊ ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းမှအစ မဲဆန္ဒနယ်အလိုက် စနစ်တကျ ပြင်ဆင်ရမည့် လုပ်ငန်းရပ်များကပင်လျှင် များစွာပြင်ဆင်ဆောင်ရွက်ရ မည်များ ရှိနေသည်ပဲ ဖြစ်ပါသည်။

သို့သော်လည်း ထိုလုပ်ငန်းရပ်များကို သပ်သပ်ရပ်ရပ်ဖြင့် စနစ်တကျ အောင်မြင်အောင် လုပ်ဆောင်ရေးက အစိုးရ၏ ဦးဆောင်မှု၊ ရွေးကောက်ပွဲကော်မရှင်၏ အကောင်အထည်ဖော်မှုတို့ပေါ် တင်ရှိနေသည့် တာဝန်ကြီးများပင် ဖြစ်ပေသည်။ ယခုအခါ ရွေးကောက်ပွဲ တရားမျှတ သန့်ရှင်းရေးအတွက် နိုင်ငံတကာက ပညာရှင်များကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေသည် ဟု သိရပါသည်။

ယခင့်ယခင် အတိတ်ကာလများက အမှားအယွင်းများ ရှိခဲ့သည်ဆိုလျှင် ထိုအမှားများကို အမှန်ပြင်ဆင်နိုင်အောင်၊ ပြည်သူ လူထုအကြား အငြင်း အပွားကြီး ပွားခဲ့ရသော ကြိုတင်မဲကိစ္စများကို အများလက်ခံနားလည်အောင် စီမံခန့်ခွဲရမည် ဖြစ်ပါသည်။

မှန်ကန်တိကျသည့်၊ တရားမျှတသည့်၊ အမှားအယွင်း အပြစ်အနာအဆာ နည်းပါသည့် ရွေးကောက်ပွဲများကသာ ပြည်သူ့ ကိုယ်စားလှယ် အစစ်အမှန်များကို ရွေးချယ်ပေးနိုင်မည်ဖြစ်ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ရွေးကောက်ပွဲ ကော်မရှင် မဖွဲ့ခွဲများ၌ မည်မျှလောက် လေးလံကြီးမာသော တာဝန်များရှိနေသည်ကို ခန့်မှန်းနိုင်မည် ဖြစ်ပါသည်။ ယခု အခြေအနေက ဒီမိုကရေစီစနစ် ထူထောင်ရေးသည် အခြေအနေအရ ဆောင်ရွက်နေရသည်မျိုးမဟုတ်။ ယုံကြည်မှုဖြင့် ဆောင်ရွက်နေချိန် ဖြစ်၏

ဒီမိုကရေစီ နုနယ်သေးသည့်အချိန်လည်း ဖြစ်သည့်အတွက် ဒီမိုကရေစီစနစ် ရင့်ကျက်ရေးနှင့် ဒီမိုကရေစီ ခိုင်မာရေး၏ လေးနက်မှုကို အထူးဂရုပြုကာ ပြည်သူလူထုကပါ ဝိုင်းဝန်းတည်ဆောက်နေကြရချိန် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် အုတ်မြစ်ခိုင်မာရေးအတွက် အစိုးရအပါအဝင် ပြည်သူလူထုများ၏ ပါဝင်ကူညီမှု၊ နိုင်ငံတကာမှ ပညာရှင်များ၏ ပူးပေါင်းကူညီမှုတို့ဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်သန့်ရှင်း၍ တရားမျှတမှုရှိအောင် အကောင် အထည်ဖော်ကြပါစို့။     ။