သျှင်ဝင်းသျှင်
ဓာတ်ပုံ - တင်ဝင်းလေး
‘သူသူတင့်’ စာသာအော်ကျက်နေသည်၊ မျက်လုံးများက မကြာခဏ လမ်းမပေါ်သို့...၊ အဘွား “ဒေါ်ကြီးတင့်” ပြန်အလာကို စိတ်စောစွာဖြင့် မျှော်နေသည်။ ဒီတစ်ခါ အစည်းအဝေးသွားတာ အရင်ကများထက် ပို၍ကြာလွန်းနေ သည်... ထင်မိသည်။ အဆင်မှပြေပါ့မလားဟု စိတ်က စိုးရိမ်နေမိသည်။ ဘုရားစင်သို့ မကြာ မကြာ မော့၍ လက်အုပ်လေးချီကာ ဆုတောင်း နေသည်။ “ဒီတစ်ခါတော့ အဆင်ပြေပါစေ ဘုရား”ဟု...။
သူသူတင့် တို့မြေးအဘွားနေသည်က ရွှေပြည်သာမြို့နယ် အမှတ် (၁၉) ရပ်ကွက် (သံဒင်း)တွင် ဖြစ်သည်။ အများအခေါ် “ကျူး” တို့ နေထိုင်ရာ ဖြစ်သည်။
ဒီနေရာသို့ ရောက်လာခဲ့သည်မှာ ၁၁ နှစ်ကျော်ခဲ့ပြီဖြစ်သည်။ သူသူတင့် အသက် လေးနှစ်ကျော်လောက်ကတည်းက ဖြစ်သည်။
သူသူတင့်တို့ အရင်နေခဲ့သည်က ဘိုကလေးမြို့နယ်အတွင်းရှိ ရွာလေးတစ်ရွာ မှ ဖြစ်သည်။ ထိုစဉ်က ဘိုးဘိုး၊ ဘွားဘွား၊ ဖေဖေ၊ မေမေနှင့် မိသားစုငါးဦး ဖြစ်သည်။
ရွာထဲက တဲလေးဆောက်ချင်၊ အိမ်အမိုး အဖီလေး ပြင်ချင်လျှင် အဘိုးကို လာခေါ်တတ် ကြသည်။ ကြီးကြီးမားမား အဆောက်အဦးမျိုး မဟုတ်သော်လည်း အဘိုးက သူလုပ်နိုင်တာ လေးတွေဆိုလျှင် လိုက်လုပ်ပေးလေ့ရှိသည်။
၂၀၀၈ ခုနှစ်တွင် နာဂစ်ဆိုသော ကြမ္မာဆိုးကြီးက အိမ်ခြေများစွာ၊ မိသားစုများစွာ နွား၊ ကျွဲ၊ တိရစ္ဆာန်များစွာ၊ စီးပွားရေး များစွာကို နင်းချေပျက်စီးသွားခဲ့သည်။ မှတ်မှတ်ရရ ထိုနေ့က သူသူတင့်၏ ပါးလေးကို နမ်းသွားပြီး ငါးရှာထွက်ရန် လှေလေးပေါ်သို့ တက်သွား သော အဖေနှင့် အမေကို ယနေ့တိုင် မပီဝိုးဝါး မြင်ယောင်နေမိသည်။ အတိတ်က အရိပ်များသာ...၊ ယနေ့တိုင် ပြန်လည်မမြင်မတွေ့ရတော့ ပေ...။ သတိရတိုင်း ပါးလေးနှစ်ဖက်ကို လက်လေးနှင့် စမ်းစမ်းကြည့်လျက်၊ မျက်ရည် အသွယ်သွယ် ကျခဲ့ရသည်က ခဏ ခဏ ပင်...။
ထိုစဉ်က ရေများတက်လာ၍ အဘိုး အဘွားနှင့်အတူ အပြေးအလွှားသွားခဲ့ရသည်။ အဘိုးပခုံးထက်ကသာ လိုက်လာခဲ့ရသည်။ ဘာတွေဖြစ်မှန်းမသိ...၊ ကိုယ့်လိုပင်ရွာအတွင်းက လူတွေများစွာ...၊ အော်သံ ခေါ်သံ...၊ ဆူညံ သံတွေ...၊ လေများ၊ ရေများ ငြိမ်သွားတော့ မိမိတို့အိမ်လေး ဘယ်နေရာမှာ ရှိသည်ဟု မမှန်းတတ်တော့...။
အဘိုး၊ အဘွားတို့ ရွာကိုစွန့်၍ ရန်ကုန် မြေသို့ တက်လာခဲ့သည်။ ရေကြည်ရာ အဆင် ပြေရာဆီသို့ ဖြစ်သည်။ စက်မှုဇုန်များရှိရာ ရွှေပြည်သာမြို့နယ်သို့ ဖြစ်သည်။ ထိုစဉ်က ရန်ကုန်၌ ဆောက်လုပ်ရေးလုပ်သားများများစွာ လိုနေသော အချိန်ဖြစ်သည်။ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုတွင် အလုပ်ကြမ်းသမားအဖြစ် ဝင်ခဲ့သည်။
တဲလေးကို အမိုးကိုယ်တိုင်ဆောက်
မိတ်ဆွေတစ်ယောက်၏ အကူအညီဖြင့် ရွှေပြည်သာမြို့နယ် အမှတ် (၁၉) ရပ်ကွက် သဲဒင်း၌ ခြောက်ပေပတ်လည် ဓနိမိုး၊ ဝါးထရံ ကာ တဲလေးကို အဘိုးကိုယ်တိုင်ဆောက်ကာနေထိုင်ခဲ့ကြသည်။ အကူအညီပေးသော သူကို ငွေစက္ကူ အချို့ပေး လိုက်သည်ကို တွေ့ရသည်။ ဘယ်ရွေ့ ဘယ်မျှတော့ မသိပေ။
ကျူးဘဝ လွတ်မြောက်ရေးအတွက် သူတို့ပေးထားသည့် စမတ်ကတ်လေးတစ်ခုတော့ လက်ဝယ်ကျစ်ကျစ်ပါအောင် ကိုင်ထားသည်။ ရှေ့အစိုးရလက်ထက်ကတည်းက ဝမ်းသာစရာစကားများ ကြားလိုက်ရ၊ စိုးရိမ်စရာအသံများ ကြားလိုက်ရသဖြင့် စိုးတထိတ်ထိတ်ဖြင့် ရှိနေခဲ့ရသည်။ ဘယ်နေရာ ဘယ်မြို့နယ်ရှိ ကျူးများကို လူအင်အားဖြင့် ဖြိုဖျက်သွားပြီ၊ စက်ယန္တရား ကြီးများဖြင့် နင်းချေသွားပြီ ကြားရတိုင်း အိပ်မပျော်ခဲ့ရသော ညတွေများခဲ့ပြီ..... တို့ဆီများ လာလျှင်ဖြင့်.......။
အိမ်ရာများ ဖော်ဆောင်ပေးမည်
ပြီးခဲ့သော ဇွန်လအတွင်းကဖြစ်သည် အဘွားက သတင်းစာတစ်စောင်မှ သတင်းတစ်ပုဒ်ကို ပြခဲ့ဖူးသည်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ကျူးကျော်များကို အနံ ၁၈ ပေ၊ အလျား ၃၅ ပေ အကျယ်ရှိ အိမ်ရာများ ဖော်ဆောင်ပေးမည်ဟု ဆိုထားသည်။ မိမိတို့ ရွှေပြည်သာမြို့နယ် တစ်ခုတည်းက ကျူးများသာမဟုတ် လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့၊ တောင်၊ မြောက်ရှိ ကျူးများ ပါဝင်သည်။ တစ်မြို့နယ်တွင် အိမ်ထာင်စုတစ်သောင်းစီဟု ဆိုထားသည်။
သူသူတင့်က “အဘွားရယ် ဒီလိုပဲ ကြားကြားနေရတာ နောက်တော့လည်း လေထဲမှာပဲ ပျောက်ပျောက်သွားတာချည်းပါပဲ” ဟု ပြောလာသည်ကို အဘွားဒေါ်ကြီးတင့်က “ဒီတစ်ခါတော့ တကယ်ဟုတ်လောက်ပါတယ် သမီးလေးရယ်” ဟု မျှော်လင့် ကြီးစွာဖြင့် ပြန်ဆို ခဲ့သည်။
“ဟော.....၊ အဘွားက ပြန်လာပါပြီ ခြေလှမ်းများက အရင်ပြန်ပြန်လာခဲ့ဖူးသော ခြေလှမ်းများနှင့်မတူ ပိုမြန်နေသည်ဟု ထင်မိ သည်။ စာအုပ်လေးကို စားပွဲပေါ်ချပြီး တဲ တံစက်မြိတ်အောက်သို့ ထွက်ပြီးကြိုနေလိုက် သည်။ အဘွားမျက်နှာမှာ အပြုံးတွေနှင့်။
အဖွဲ့လိုက်အာမခံကြရတဲ့ ဝိုင်းကြီးချုပ်စနစ်
“အဘွား အခြေအနေ” ဟု အမေးတွင် ဒေါ်ကြီးတင့်က “အဘွားမပြောခဲ့ဘူးလား မြေးလေးရယ်... ဒီတစ်ခါတော့ သေချာပါတယ် လို့....၊ ဒီလို သမီးလေးရဲ့ သူတို့က အဘွားတို့ကို ငွေထုတ်ပေးတာ မဟုတ်ဘူး၊ အဘွားတို့ကို ကျူးတွေကို အစုအဖွဲ့ဖွဲ့ခိုင်းတာ ၁၅ ဖွဲ့ ၂၀ လို စသည်ပေါ့ကွယ်။ အဖွဲ့လိုက် အာမခံကြရတဲ့ သဘော ဝိုင်းကြီးချုပ်စနစ်ပေါ့။ နောက်လိုအပ် တဲ့ အထောက်အထားတွေ ပေးရတယ်။ ငွေအနေနဲ့ကတော့ ကျပ်သိန်း ၃၀ ပေါ့။ စာရွက်တွေပေါ်မှာပဲ လက်မှတ်တွေထိုးရတာ။ လအလိုက် အရစ်ကျ ပြန်ဆပ်ရမယ်။ ခြောက်နှစ်လောက်တော့ ကြာမယ်။ အကြွေး ကျေတာနဲ့ အိမ်က ကိုယ်ပိုင်ဖြစ်သွားပြီ။ ကျူး ဘဝက လွတ်ပါပြီ သမီးလေးရယ်။ သမီးဒီနှစ် ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ရင် ဘယ်မှာနေလဲလို့ ပြောရရင် မျက်နှာမငယ်တော့ ဘူးပေါ့”ဟု ပြောရင်းလွန်ခဲ့သော နှစ်နှစ်ကျော်က သွားလေသူ ဆောက်ပေးခဲ့သည့်တဲလေးကို မျက်လုံးများက ရောက်သွားသည်။ ယခုတော့ ပြန်ပြုပြင်ပေးမယ့်သူ မရှိတော့ပြီ။ ဟိုနားက နိမ့်၊ ဒီနားက ပေါက်နှင့် နောက်တစ်နှစ်ပင် ခံတော့မည်မဟုတ်ပေ။
အိမ်ထောင်စုတစ်စုလျှင် သိန်း ၃၀ ချေးမည်
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ်တွင် တန်ဖိုးနည်း အစုအဖွဲ့ပိုင် အိမ်ရာများ စတင်တည်ဆောက်တော့မည်ဖြစ်သည်။ လုပ်ငန်းဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအစိုးရက မြေနေရာများ ဖော်ထုတ်ပေးခြင်း၊ အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းအတွက် ပံ့ပိုးပေးခြင်း၊ ရေ၊ မီး၊ လမ်း စသည့်ကိစ္စရပ်များ တာဝန်ဆောင်ရွက်ပေးမည်ဖြစ်ပြီး အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် သိန်း ၃၀ စီ ချေးပေးသွားမည်ဖြစ်သည်။ ချေးငွေအပိုင်းကို ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (အင်းစိန်)က တာဝန်ယူ ဆောင်ရွက်ပေးခြင်း ဖြစ်သည်။
ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (အင်းစိန်)က ယင်းစီမံချက်နှင့် ပတ်သက်၍ ဧပြီလ ကတည်းက ကွင်းဆင်း၍ စစ်တမ်း များ ကောက်ယူခဲ့ခြင်းဖြစ်သည်။ အသင်း ဒါရိုက်တာ ဒေါ်ဗန်လီဇာအောင်က “ကျွန်မတို့ ဒီစီမံချက်နဲ့ ပတ်သက်ပြီး ကွင်းဆင်းတဲ့အခါ ရာနှုန်းပြည့် သဘောတူညီမှုတွေ ရခဲ့ပါတယ်။ ဒါပထမအဆင့်ပေါ့နော်။ အိမ်ထောင်စု ၃၀၀ လောက်အတွက် စနေပါပြီ။ ရှေ့လလောက် အိမ်တွေ စဆောက်တော့မှာပါ”ဟု ဆိုသည်။
လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ် လမ်းမကြီးဘေး ကျူးတဲတစ်ခုမှ ဦးလှရှင်က ''ကျွန်တော်တို့လည်း ကြားနေရပါတယ်။ တဖြည်းဖြည်းနဲ့ ကိုယ့်အလှည့်တော့ ရောက်လာမှာပေါ့... ဝမ်းသာပါတယ်။ ကျူးဘဝနဲ့ စိုးတထိတ်ထိတ်နေရတဲ့ မျက်နှာငယ်ရတဲ့ ဘဝကနေကိုယ့်အိမ်လေးနဲ့ ကိုယ်စိတ်အေးအေးနဲ့ နေထိုင်ရမယ့်ဘဝ မကြာခင် ရောက်လာတော့မှာပါ။ အားလုံးကို ကျေးဇူး တင်ပါတယ်"ဟု ဆိုခဲ့သည်။
နှစ်ရှည်လများစွာ အချိန်တွေ ကုန်လွန်ခဲ့
ကျူးများ၏ဘဝ ပြောင်းလဲတိုးတက်ရေး မှာ အစိုးရအတွက် ကြီးမားသော စိန်ခေါ်မှု ကြီးပင် ဖြစ်သည်။ နှစ်ရှည်လများစွာ အချိန် တွေ ကုန်လွန်ခဲ့ရသည်။ ပြောခဲ့ရသမျှ ယုံတမ်းစကားပမာ ဖြစ်ခဲ့ရသည်။ အစိုးရအဖွဲ့တစ်ခုတည်းဖြင့် ဆောင်ရွက်ရန် များစွာသော အခက် အခဲများ ရှိနေသည်။
အစိုးရ၌ တည်ဆောက်ပေးနိုင်ရန် မြေနေရာရှိသည်။ အတတ်ပညာရှင်များရှိသည်။ အဓိက လိုအပ်ချက်မှာ ငွေကြေးပင်ဖြစ်သည်။
ကြီးမားသောအရာတစ်ခုအား တစ်ဦး တစ်ယောက်တည်းတွန်း၍ မရနိုင်ပေ...၊ စုပေါင်း၍ ပြိုင်တူတွန်းမှသာလျှင် ရွေ့နိုင်မည် ဖြစ်သည်။ လက်တွေ့သာဓက တစ်ခုပင်၊ အစိုးရနှင့် အဖွဲ့အစည်းပေါင်းစပ်မှုက ကျူးတို့အတွက် အရွေ့တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ဆက်၍ ဆက်၍ ရွေ့ဖို့သာလျှင် ရှိတော့မည် ဖြစ်သည်။
ကျူးတို့ဘဝ အလင်းတန်းတစ်ခုကို တွေ့နေရပြီဖြစ်သည်။ ။


