ကျုံပျော် ၉ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်မှ ရပ်ဝေးသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် ဒေသခံပြည်သူများ သီတင်ကျွတ်ကာလအတွင်း သွားလာမှုအဆင်ပြေစေရန် အောက်တိုဘာ ၁၀ ရက်မှစတင်၍ မော်တော်ယာဉ် လိုင်းများ ထပ်တိုးပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျုံပျော် - ရန်ကုန်ပြေးဆွဲနေသော "ခေတ်မှီ"မော်တော်ယာဉ်လိုင်းမှ ဂိတ်မှူး ဦးအေးကိုက " အရင်ရက်တွေမှာ ကျွန်တော်တို့ ကားတွေက ကျုံပျော်-ရန်ကုန်ကို အသွားအပြန်ကို ပုံမှန်ပြေးဆွဲပေးနေပါတယ်၊ ၁၀ ရက်နေ့က နေစပြီး ရန်ကုန်ကနေ ကိုယ့်ဒေသကိုပြန်တဲ့ ခရီးသည်တွေများလာမှာဖြစ်တဲ့အတွက် အဆင်ပြေအောင် မော်တော်ယာဉ်တွေကို အခေါက်ရေ ထပ်တိုးပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ ယာဉ်စီးခ အနေနဲ့လည်း ပုံမှန်ဈေးနှုန်းအတိုင်း ၃၀ဝ၀ ကျပ်ပဲယူမှာဖြစ်ပါတယ်။ ဒီလိုပွဲတော်ရက်မျိုးက အသွားခရီးသည်ရော အပြန်ခရီးသည်ပါ ရှိတဲ့အတွက် ယဉ်စီးခကို နှစ်ဖက်အဆင်ပြေအောင် ပုံမှန်ပဲယူသွားမှာပါ။ သီတင်းကျွတ် ပိတ်ရက်ပြီးလို့ ရန်ကုန်ကို အလုပ်ခွင်ပြန်ဝင်ကြရင်လည်း ခရီးသည်များမှာဖြစ်တဲ့အတွက် သွားလာရေးအဆင်ပြေအောင် ခေါက်ရေတိုးပြီး ပုံမှန်ဈေးနှုန်း ၃၀ဝ၀ ကျပ်ပဲ ယူသွားမှာ ဖြစ်ပါတယ်"ဟု ၎င်းက ဆိုသည်။
ရန်ကုန်တွင် အလုပ်သွားလုပ်ပြီး ဒေသသို့ပြန်မည့် အမျိုးသမီးတစ်ဦးအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ " မနေ့က သီတင်းကျွတ် ကျုံပျော်ပြန်ဖို့အတွက် ကားဂိတ်မှာ ကြိုတင်လက်မှတ်ယူတာ ပုံမှန်ခရီးစဉ်ရက်အားလုံး ကြိုတင်လက်မှတ်တွေ ပြည့်နေတဲ့အတွက် မရဘူး၊ ဒါပေမယ့် ဒေသပြန်သူတွေအားလုံးအတွက် အဆင်ပြေ အောင် ခေါက်ရေတိုးပြီး ပြေးဆွဲပေးသွားမယ်။ပြန်ဖို့အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။ သင်္ကြန်တုန်းကလည်း ခေါက်ရေတိုးပြီး ပြေးဆွဲပေးတဲ့ ကားနဲ့ပြန်ခဲ့ဘူးတယ်။ အခုသီတင်းကျွတ်မှာ ကားခမတက်ဘူးဆိုတဲ့အတွက်လည်းဝမ်းသာရပါတယ်" ဟု ဆိုပါသည်။
သင်္ကြန်ကာလများတွင် ယာဉ်စီးခများပိုယူခဲ့ရခြင်းမှာလည်း အဆင်း/ အတက် ခရီးသည်မမျှသည့်အတွက် ဆီဖိုးကာမိရန် ပိုယူကြရခြင်းဖြစ်ကြောင်း၊ ယခုသီတင်း ကျွတ်ကာလမျိုးတွင် အဆင်း/အတက်ခရီးသည် သင့်တင့်စွာရှိသည့်အတွက် ပုံမှန်ဈေးနှုန်းသာ တောင်းခံသွားမည်ဖြစ်ကြောင်း၊လက်ရှိတွင် ခရီးသွားလာရန် အတွက် ကျုံပျော်မြို့နယ်မှ ရန်ကုန်၊ပုသိမ်နှင့် ဟင်္သာတမြို့များသို့ မော်တော်ယာဉ်လိုင်း(၉)လိုင်းဖြင့် ပြေးဆွဲ ပေးလျှက်ရှိကြောင်း သိရသည်။
နေဝင်း( ပြန်/ဆက်)


