မိုးညှင်း ၉ အောက်တိုဘာ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီးဌာန၊ကချင်ပြည်နယ် မိုးညှင်းမြို့နယ် သစ်တော ဦးစီးဌာနမှ ၂၀၁၉ ခုနှစ် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဆောင်ရွက်ခွင့် လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ ၉ ရက် နံနက် ၁၀ နာရီက မိုးညှင်းမြို့ အုတ်ကျင်းရပ်ကွက် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မိုးညှင်းခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်နိုင်ထွန်းမှ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း ဆောင်ရွက်ခွင့် ရရှိသော ကျေးရွာ(၇)ရွာ အုပ်စု(၇)စု၊ အိမ်ထောင် စု(၂၈၉)စု၊ မိသားစုဝင်ဦးရေ(၁၅၈၅)ဦးအား တည်ထောင်ခွင့်ပြုဧရိယာ ဧက(၁၄၄၀) အား လုပ်ကိုင်ဆောင် ရွက် ခွင့် လက်မှတ်များထုတ်ပေးခဲ့သည်။
ထို့နောက် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသူ တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီး အဆိုပါ လုပ်ငန်းစဉ်အား မိုးညှင်းမြို့နယ်တွင်(၂၀၁၀)ခုနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ အစုအဖွဲ့ပိုင်သစ်တောလုပ်ပိုင်ခွင့်ရရှိသည့် ကျေးရွာ(၄၆)ရွာ အဖွဲ့(၄၆)ဖွဲ့ မိသားစုဝင်ဦးရေ( ၂၀၇၉)ဦးဧကပေါင်း(၁၃၄၈၄ ဒသမ ၃၈)ဧက ရှိကြောင်း မြို့နယ်သစ်တောဦးစီးဋ္ဌာနမှ သိရသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်သစ်တောလက်ထောက်ညွှန်ကြားရေမှူးဦးနိုင်နိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးနှင့်အဖွဲ့ဝင်များ မြို့နယ်သစ်တော ဦးစီးအရာရှိ ဦးဝင်းခိုင်ဖြိုးနှင့် အဖွဲ့ဝင်များ၊ပင်လုံကျေးရွာအုပ်စု ကျွန်းကုန်းကျေးရွာအုပ်စု ကာဒူကျေးရွာအုပ်စု ကွင်းကြီးကျေးရွာအုပ်စု တဲကြီးကုန်းကျေးရွာအုပ်စု ကန်ကုန်းကြီး ကျေးရွာအုပ်စု အုတ်ကျင်းရပ်ကွက် အုပ်စုတို့မှ အစုအဖွဲ့ပိုင် သစ်တောလုပ်ကိုင်ခွင့်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပေသည်။
ချွန်တွန်း


