တွံတေးအောက်တိုဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် သဝန်းတောကျေးရွာအုပ်စု၊ သဝန်းတော ကျေးရွာတွင် ဇူလိုင်လ ၁၃ရက်နေ့က ဉီးချစ်ဆွေ၊ဒေါ်စန်းမြင့်တို့ပိုင်ဆိုင်သည့် ဝါးဘိုးရုံနှင့် သစ်ပင်တို့အား လူသွားလမ်းအဖြစ် တူးဖော်ရာမ ှတွေ့ရှိသည့်ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မြတ် (၆)ဆူနှင့်ပလ္လင် (၁) ခုကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဉီးစီးဌာနသို့ အောက်တိုဘာ (၉)ရက်၊ နံနက် (၁၁)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊တော်ဝင်စန္ဒကူးခန်းမ၌ ပေးအပ် လှူဒါန်းခဲ့သည်။
ပေးအပ်လှူဒါန်းပွဲတွင် အလှူရှင် ဉီးချစ်ဆွေ၊ဒေါ်စန်းမြင့်တို့မှ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဉီးစီးဌာနဒုတိယညွှန်ကြားရေးမှူး ဉီးစိုးရာဇာညွှန့်ထံ တူးဖော်တွေ့ရှိခဲ့သည့် ဗုဒ္ဓရုပ်ပွားတော် (၆)ဆူနှင့် ပလ္လင်(၁)ခုကို ပေးအပ်လှူဒါန်းခဲ့ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဉီးစီးဌာနမှ အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
တူးဖော်တွေ့ရှိခဲ့သည့် ဗုဒ္ဓရုပ်ပွားတော် (၆)ဆူတွင် မတ်တပ်ရပ် ရုပ်ပွားတော်(၃)ဆူ၏ ဉာဏ်တော် အမြင့်များမှာ ၇ . ၅ လက်မ၊ ၇ လက်မ ၊ ၃ လက်မတို့ဖြစ်ပြီး ထိုင်တော်မူ (၃)ဆူ၏ ဉာဏ်တော်အမြင့်မှာ ၅ လက်မ ၊ ၄ လက်မ၊၂.၅ လက်မနှင့် ပလ္လင်(၁)ခုတို့မှာ ကြေးဖြင့် သွန်းလုပ်ထားကြောင်း သိရှိရသည်။
မျိုးလှိုင် (တွံတေး)


