မန္တလေး ၉ အောက်တိုဘာ

 

မန္တလေးမြို့တွင် သီတင်းကျွတ် ရုံးပိတ်ရက်ကာလ ခရီးသွားများ ကားလက်မှတ်များ ဈေးတင်ရောင်းပါက ဒဏ်ငွေ ကျပ် တစ်သိန်း အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ (အဝေးပြေး)က သတိပေးထုတ်ပြန်ထားကြောင်း သိရသည် ။

 

သီတင်းကျွတ် ရုံးပိတ်ရက်ကာလတွင် နေရပ်ပြန်သူများ နှင့် ခရီးသွားသူများ များပြားပြီး လက်မှတ်အခက်အခဲများ ရှိတတ်ပြီး ကားဂိတ်များတွင် လက်မှတ်များချန်ထားပေးရန် အသိပေးထားသည် ။

 

"သီတင်းကျွတ်ရုံးပိတ်ရက်မှာ ခရီးသွားတွေအဆင်ပြေစေဖို့အတွက် ကားလက်မှတ်တွေကို ဈေးတင်မရောင်းဖို့ ကြေငြာချက်ထုတ်ထားတယ်။ ဈေးတင်ရောင်းတာတွေ့ရင်တော့ ဒဏ်ငွေ ကျပ် ငါးသောင်း ကနေ တစ်သိန်း ထိ ချဖို့ လုပ်ဆောင်သွားမယ် " ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ (အဝေးပြေး) ဥက္ကဋ္ဌ ဦးအောင်ကျော်လင်း က ပြောသည် ။

 

ခရီးသွားပြည်သူများ အနေဖြင့် လက်မှတ်မရခဲ့ပါက  ကားကြီးဝန်းရှိ ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကာ်မတီ - အဝေးပြေးသို့ ချိတ်ဆက်ပြီး မှတ်ပုံတင်ပြ၍ လက်မှတ်ရရှိရေး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည် ။

 

မန္တလေးမြို့တွင် အဝေးပြေးယာဉ်ရပ်နားစခန်း (၅) ခုရှိပြီး အဝေးပြေး ယာဉ်လိုင်းပေါင်း ၅၀ဝ ကျော်ရှိကြောင်း ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ (အဝေးပြေး)က သိရသည် ။

 

 

သူရိန်လင်း