မြိတ်  အောက်တိုဘာ  ၉

 

တနင်္သာရီတိုင်းဒေသကြီး  မြိတ်ခရိုင်အတွင်း၌ ဆောက်လုပ်ရေးဝန်ကြီးဌာနရှိ  ဦးစီးဌာနများမှ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ (၂၁)ဘီလီယံ ကျော်ဖြင့် လမ်းလုပ် ငန်း(၉၃)ခုနှင့် တံတားလုပ်ငန်း(၁၁၃)ခု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် လမ်းဦးစီးဌာနမှ လမ်းလုပ်ငန်း(၂၆)ခုနှင့် တံတားလုပ်ငန်း(၇)ခုတို့ အတွက် ရန်ပုံငွေ(၆)ဘီလီယံကျော်ဖြင့်လည်းကောင်း၊  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လမ်းလုပ်ငန်း (၅၂) ခု၊ တံတား လုပ်ငန်း(၆၆)ခုတို့အတွက် ရန်ပုံငွေ (၁၁) ဘီလီယံ ကျော်ဖြင့်လည်းကောင်း၊ လမ်းဦးစီးဌာနလမ်းအထူး အဖွဲ့(၂၄)မှ လမ်းလုပ်ငန်း(၁၅)ခု၊ တံတားလုပ်ငန်း(၄၀)ခုတို့အတွက် ရန်ပုံငွေ(၄)ဘီလီယံခန့်ဖြင့်လည်းကောင်း လမ်းတံတား တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများမှ သိရသည်။

 

၅

 

မြိတ်ခရိုင်အတွင်း လမ်း၊ တံတား လုပ်ငန်းများဆောင်ရွက်ရန်အတွက် အောက်တိုဘာလ (၈)ရက်တွင် မြိတ်ခရိုင်လမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်းများဆောင်ရွက်ရန် ဒီဇယ်ဆီ၊ ကတ္တရာ၊ ကျောက်၊ ဘိလပ်မြေ၊ သံချောင်း၊ သစ်၊ သဲများစသော ပစ္စည်းများကို သတ်မှတ်စည်းမျဉ်း စည်းကမ်းများဖြင့် ပွင့်လင်းမြင် သာစွာ ပထမအကြိမ် အိတ်ဖွင့်တင်ဒါဖွင့်လှစ်ခဲ့သည်။

 

 ပထမအကြိမ် အိတ်ဖွင့်တင်ဒါဖွင့်ပွဲတွင် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က အဖွင့် အမှာစကားပြောကြာပြီး  မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသက်ဇော်ဝင်း တို့က တင်ဒါလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြကာ လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်ကိုကိုကျော်က တင်ဒါစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားပြီး ပစ္စည်းအမျိုးအမည် အရွယ်အစားအလိုက် တင်ဒါများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများဖြင့် ပွင့်လင်းမြင်သာစွာ ဖွင့်လှစ်ကြေညာသည်။

 

 လမ်း၊ တံတား လုပ်ငန်းများအတွက် ပစ္စည်းတင်ဒါများကို သတ်မှတ်စည်းမျဉ်း စည်းကမ်းများဖြင့် ပထမအကြိမ် ပွင့်လင်းမြင်သာစွာ ဖွင့်လှစ်ခြင်းကို  လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူ များနှင့် တင်ဒါလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

  ခိုင်ထူး ( မြိတ် ပြန်/ဆက် )