နေပြည်တော် ၉ အောက်တိုဘာ

 

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ သီးခြားရာထူးတိုး/ပြောင်း ဆောင်ရွက်မည့် တက္ကသိုလ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၈)နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရာထူးတိုး/ပြောင်း စသည်များဆောင်ရွက်ရာတွင် ဘက်မလိုက်ဘဲ တရားမျှတမှုရှိအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ စီမံခန့်ခွဲရေးအရည်အချင်းကောင်းမွန်သူ၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်းသူ၊ တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်စွမ်းရှိသူ၊ ကျောင်းသား၊ ဆရာများ၏ အရေးကိစ္စများ ပူးပေါင်းဖြေရှင်း ဆောင်ရွက်နိုင်စွမ်းရှိသူ ဆရာ၊ ဆရာမများကို အားပေးဆောင်ရွက်စေလိုပါကြောင်း၊ တက္ကသိုလ်အသီးသီးတွင် သုတေသနနှင့် သင်ယူတတ်မြောက်မှု ကောင်းမွန်ရေးဘက်တွင်သာမက စီမံခန့်ခွဲရေးဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်မှုလုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်တတ်သူများဖြစ်အောင် လေ့ကျင့်ပေးကြရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ်များအနေဖြင့် ကျောင်းသား ကျောင်းသူများအား လုပ်ငန်းခွင်အတွက် အဆင်သင့်ဖြစ်စေမည့် ကျွမ်းကျင်မှုများ ရရှိအောင် ပြုစုပျိုးထောင်မွေးထုတ်ပေးကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့တက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဂုဏ်သိက္ခာ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်ကြရန် လိုပါကြောင်း၊ ဘဏ္ဍာငွေကြေးဆိုင်ရာ လုပ်ငန်းများကိုလည်း အကျိုးရှိထိရောက်စွာ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများ၊ စာရင်းစစ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်လိုပါကြောင်း၊ ပညာရေးတွင် လိုအပ်ချက်များ၊အခက်အခဲများ၊ မပြည့်စုံမှုများရှိနေသဖြင့် ဖြစ်ချင်သည်နှင့် လုပ်ချင်သည်ကို လုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီဘဲ လုပ်ဆောင်မိပါက အခက်အခဲကြုံရတတ်သည်ကို သတိပြုစေ လိုပါကြောင်း။

 

တက္ကသိုလ်များတွင် ကျောင်းသား ကျောင်းသူများ သင်ယူတတ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်ပေးနေသည့် စာသင်ခန်းအတွင်းမှ ဆရာ၊ ဆရာမများ၏ အခက်ခဲများ၊ မပြည့်စုံမှုများကို ပံ့ပိုးကူညီရန် အလေးထား ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ဘာသာရပ်အရည်အသွေး ပိုမိုကောင်းမွန်ရေး၊ အထူးပြုဘာသာရပ်နယ်ပယ်နှင့် လုပ်ငန်းခွင်တွင် လိုက်လျောညီထွေရှိရေး၊ အသုံးချ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ပုဂ္ဂလိကကဏ္ဍ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နိုင်ငံခြားပညာသင်စေလွှတ်ပေးနိုင်ရေးတို့ကို ပံ့ပိုးဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပညာရေးကဏ္ဍ အားလုံး၏အခက်အခဲသည် ပညာရေးဝန်ကြီးဌာန၏ အခက်အခဲများဖြစ်ပါကြောင်း၊ ထိုအခက်ခဲများကို စုပေါင်းအင်အားဖြင့် ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးအတွက် အရေးကြီးပါကြောင်း၊ ယနေ့ချိန်ခါတွင် နိုင်ငံ၏ ပညာရေးအရည်အသွေး မြင့်မားရေးအတွက် မိမိတို့ကျရာအခန်းကဏ္ဍမှ ကျောင်းသား ကျောင်းသူများအားလုံး သင်ယူတတ်မြောက်မှု အရည်အသွေးကောင်းမွန်ရေး အထူးအားစိုက်ကြိုးပမ်း ဆောင်ရွက်ပေးစေလိုပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

           

ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြသည်။

 

ယင်းနောက် တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားပြီး အစည်းအဝေးအား အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

1