ရန်ကုန် ၉ အောက်တိုဘာ
ရေကျော် သီတင်းကျွတ်မီးထွန်းပွဲတော်ကို အောက်တိုဘာ ၁၀ ရက် (ကြာသပတေးနေ့)မှ ၁၄ ရက်(တနင်္လာနေ့)အထိ ငါးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ သိရသည်။
ယခုနှစ် ရေကျော်သီတင်းကျွတ်မီးထွန်းပွဲတော်ကို သိမ်ဖြူမီးပွိုင့်မှ စတင်ကာ ဗိုလ်တထောင်ဘုရားလမ်းထိပ်အထိ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်၊ ရေကျော်လမ်းမှ အထက် ပုဇွန်တောင်လမ်းအထိ ပျော်ပွဲရွှင်ပွဲများ၊ ကလေးကစားစရာမျိုးစုံ၊ မြန်မာမုန့်မျိုးစုံနှင့် ဈေးဆိုင်ခန်းများစုစုပေါင်း ၄၀၀ ကျော်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ပွဲတော်နှင့်ပတ်သက်၍ ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်နိုင်က “ပွဲတော်ကို အစဉ်အလာအရ နှစ်စဉ်နှစ်တိုင်း ပုဇွန်တောင် (၇)ရပ်ကွက်၊ (၉)ရပ်ကွက်နဲ့ (၁၀)ရပ်ကွက်တို့ ပူးပေါင်းပြီးကျင်းပတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ (၇)ရပ်ကွက်မှာ ဖျော်ဖြေရေးပါမယ်၊ ဈေးဆိုင်ခန်းတွေပါမယ်၊ ဖျော်ဖြေရေးက ငါးရက်ဖြစ်ပြီး ခုံနဲ့ထိုင်ကြည့်မယ့်သူတွေက လက်မှတ်ဝယ်ရမှာ ဖြစ်ပါတယ်။ လုံခြုံရေးအပိုင်းအနေနဲ့ ရပ်ကွက်က လူငယ်တွေ၊ ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေ၊ ပွဲတော်ကျင်းပရေးကော်မတီက တာဝန်ရှိသူတွေ၊ အရန်မီးသတ်၊ ကြက်ခြေနီ၊ အရပ်ဖက်လုံခြုံရေး၊ နယ်မြေလုံခြုံရေးတို့အတွက် မြို့နယ်ရဲတပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ပွဲတော်ကိုဖြစ်မြောက်အောင် ကျင်းပသွားမှာပါ”ဟု ပြောသည်။
ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်တွင် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ ရက်တွင် မြန်မာပြည်စတားအငြိမ့်၊ ၁၂ ရက်တွင် နိုင်ငံကျော် Hip Hop & Rapper အဆိုတော်များ၏ ဖျော်ဖြေတင်ဆက်မှု၊ ၁၃ ရက်တွင် B 4 Band နှင့် ရုပ်ရှင်၊ ဂီတ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှု၊ ၁၄ ရက်တွင် ကိုနိုင်ဇော်(သုခုမ စက်ရုပ်လေးများ) Music Band ၊ နိုင်ငံကျော်အဆိုတော်များနှင့် အကအဖွဲ့များက ပူးပေါင်းဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ် အမှတ်(၉)ရပ်ကွက် ပွဲတော်ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဒေါ်သက်သက်မော်က “ကျွန်မတို့ ပွဲတော်ကို ၁၀ ရက်ကနေ ၁၄ ရက်အထိ ကျင်းပသွားမှာပါ။ ၁၀ ရက်၊ ၁၁ ရက်က အလှဖန်တီးရှင်များအဖွဲ့၊ ၁၂ ရက်နေ့မှာ ဝိုင်းလမင်းအောင်နဲ့ မြန်မာသံစဉ်အဖွဲ့၊ ၁၃ ရက် လပြည့်နေ့မှာ စတိတ်ရှိုး၊ ၁၄ ရက်မှာ ဖိုက်စတားအငြိမ့် ငါးရက်စီစဉ်ထားပါတယ်။ လုံခြုံရေးအနေနဲ့ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်၊ ကြက်ခြေနီ၊ လူငယ်အဖွဲ့အစည်းတွေ၊ ရာအိမ်၊ ဆယ်အိမ်မှူးတွေအပါအဝင် ပူးပေါင်းဆောင်ရွက်ကြမှာပါ။ (၉)ရပ်ကွက်အတွင်းမှာ ဆိုင်ခန်းပေါင်း ၁၅၀ ရှိပါတယ်။ စတိတ်စင်ကို ရေကျော်သံလမ်းအနီးမှာ ဆောက်မှာပါ။ စတိတ်ရှိုးလက်မှတ်က လေးထောင်၊ ငါးထောင် သတ်မှတ်ထားတယ်။ ကျန်တဲ့ဖျော်ဖြေမှုကတော့ နှစ်ထောင်ပါ။ ပွဲတော်ကျင်းပမယ့် ရေကျော်လမ်းကနေ သိမ်ဖြူလမ်းအထိကို ညနေ ၃ နာရီခွဲကနေ ည ၁၁ နာရီအထိ ခေတ္တလမ်းပိတ်ထားပါမယ်။ အရေးပေါ်လူနာတင်ယာဉ်တွေကို ပရဟိတအသင်းတွေက ကူညီပေးထားပြီး လမ်းထောင့်တွေမှာ ထားရှိပါမယ်။ ပွဲတော်လုံခြုံရေးအတွက် CCTV ၇၉ လုံး တပ်ပေးထားမယ်။ ဒီနှစ်မှာလည်း ကလေးတွေအတွက် ကစားစရာမျိုးစုံ စီစဉ်ထားပါတယ်”ဟု ပြောသည်။
(၉)ရပ်ကွက် ရေကျော်သီတင်းကျွတ်မီးထွန်းပွဲတော် ဖျော်ဖြေမှုအနေဖြင့် အောက်တိုဘာ ၁၀ ရက်၊ ၁၁ ရက်တွင် Lady Boy တေးသရုပ်ဖော်အဖွဲ့၊ ၁၂ ရက်တွင် ဝိုင်းလမင်းအောင်နှင့် မြန်မာသံစဉ်တီးဝိုင်းအဖွဲ့၊ ၁၃ ရက်တွင် Hi Bird တေးဂီတအဖွဲ့နှင့်အတူ နိုင်ငံကျော် တေးသံရှင်များဖျော်ဖြေမှု၊ ၁၄ ရက်တွင် Five Star အငြိမ့်များဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း- ရီရီမြင့်၊ ဥမ္မာသန့်


