နေပြည်တော် ၉ အောက်တိုဘာ
၂၀၁၉ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ကမ္ဘာ့စာပို့တိုက်နေ့ အခမ်းအနားသည် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ စတင်ဖွဲ့စည်းခဲ့သည့် ၁၈၇၄ ခုနှစ် အောက်တိုဘာ ၉ ရက်ကို ဂုဏ်ပြုသည့် အခမ်းအနားဖြစ်ပါကြောင်း၊ ကမ္ဘာ့စာပို့တိုက်နေ့ အခမ်းအနားကို ၁၉၆၉ ခုနှစ်က ဂျပန်နိုင်ငံတိုကျိုမြို့၌ ကျင်းပခဲ့သည့် (၁၆)ကြိမ်မြောက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ အာဏာပြည့်ညီလာခံ၏ အဆုံးအဖြတ်ဖြင့် စတင်ကျင်းပခဲ့ပြီးယခုနှစ်သည် နှစ်(၅၀)ပြည့် ရွှေရတုနှစ် ဖြစ်ပါကြောင်း။
ယနေ့ခေတ်ကာလတွင် ICT နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုကြောင့် နိုင်ငံအချို့ရှိ စာတိုက်လုပ်ငန်းများသည် အခက်အခဲများနှင့် ရင်ဆိုင်လာရပါကြောင်း၊ သို့သော် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ၏ လေ့လာတွေ့ရှိချက်အရ စာပို့တိုက်လုပ်ငန်းများသည် ICT နှင့် နည်းပညာများကိုအသုံးပြုပြီး ပိုမိုထိရောက်ကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးအပ်လာနိုင်သည်ကို တွေ့ရှိရပါကြောင်း။
မြန်မာနိုင်ငံသည် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ၏ အဆင့်သတ်မှတ်ချက်အနေဖြင့် ၂၀၁၆ ခုနှစ်တွင် အဆင့် (၁၂၆)မှ ၂၀၁၈ ခုနှစ်တွင် အဆင့်(၉၁)သို့ တိုးတက်လာခဲ့ပြီး Postal Development Indicator Score အနေဖြင့် ၂၀၁၆ ခုနှစ်တွင် ရမှတ် ၂၀ ဒသမ ၄၁ ရှိပြီး ၂၀၁၈ ခုနှစ်တွင် ရမှတ် ၃၁ ဒသမ ၉၆ ရှိခဲ့ပါကြောင်း၊ ကမ္ဘာ့အနှံ့ရှိစာပို့တိုက် ဝန်ဆောင်မှုလုပ်ငန်းများနည်းတူ မြန်မာ့စာတိုက်လုပ်ငန်းသည် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး ကမ္ဘာ့စာပို့တိုက်သမဂ္ဂမှ ချမှတ်ထားသည့် စည်းမျဉ်းများနှင့်အညီ စာတိုက်ဝန်ဆောင်မှုလုပ်ငန်းများကို အများပြည်သူအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက အမှာစကား ပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နီနီဟန်က ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂဌာနချုပ်(UPU) ညွှန်ကြားရေးမှူးချုပ်ထံမှ ပေးပို့သော ၂၀၁၉ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့ သဝဏ်လွှာကို ဖတ်ကြားသည်။
ယင်းနောက် အသက်(၁၅)နှစ်အောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) အကဲဖြတ်ဥက္ကဋ္ဌ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပေးစာရေးပြိုင်ပွဲ အကဲဖြတ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က (၄၈)ကြိမ်မြောက် အသက်(၁၅)နှစ်အောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ(ပြည်တွင်းအဆင့်)တွင် ပထမဆုရရှိသည့် မရွှန်းလဲ့ဝင်းနှင့် ဒုတိယဆုရရှိသည့် မောင်ကျော်စံဝေတို့ကို ဆုများချီးမြှင့်သည်။
ယင်းနောက် ဒုတိယဝန်ကြီးဦးသာဦးက တတိယဆုရရှိသည့် မောင်ကောင်းထက်သော်ကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက အထူးဆုရရှိသည့် မအိမ့်သံဇဉ်ဦး ကိုလည်းကောင်း ဆုများချီးမြှင့်ကြသည်။
ထို့နောက် မြန်မာ့စာတိုက်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခမ်းအောင်က သမားရိုးကျဝန်ဆောင်မှုမဟုတ်ဘဲ အထူးဝန်ဆောင်မှုအနေဖြင့် ဆောင်ရွက်ခဲ့ကြသော လုပ်ငန်းများတွင် ထူးချွန်ဆုရရှိကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် စာတိုက်များမှ စာတိုက်တာဝန်ခံများကို ဆုများချီးမြှင့်သည်။
ယင်းနောက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွန်းအောင်တို့က ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများကို စာပို့တိုက်နေ့အထိမ်းအမှတ် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး နိုင်ငံတကာပေးစာရေးပြိုင်ပွဲတွင် ဆုရရှိကြသူများကိုယ်စား မရွှန်းလဲ့ဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ် ပြခန်းကိုလှည့်လည်ကြည့်ရှုကြသည်။
သတင်းစဉ်


