ကြာအင်းဆိပ်ကြီး ၉ အောက်တိုဘာ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် စိုက်ပျိုးပြီးမိုးစပါး ဧက ၄၀ဝ၀ ကျော် (လေးထောင်ကျော်ခန့်) ထိခိုက်ပျက်စီးခဲ့ရာ အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးလယ်မြေများအတွက် မျိုးစပါးနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခလယ်ကျေးရွာအုပ်စု၊ မြို့ဟောင်းကျေးရွာ ကွင်းအမှတ် ၅၃၀၊ ဦးပိုင်အမှတ် ၆၄/၃၊ တောင်သူ ဦးသိန်းအောင်၏ ဝမ်းပရိုကွန်ပေါင်းဓာတ်မြေဩဇာ အသုံးပြုစိုက်ပျိုးထားသည့် ဆင်းသုခစပါးစိုက်ခင်းအား သွားရောက်ကြည့်ရှုရာစစ်ဆေးပြီး တောင်သူများ၏ လိုအပ်ချက်များအား မေးမြန်းဆွေးနွေးရာ တောင်သူများက ယခုနှစ်တွင် နှစ်ကြိမ်ခန့် ရေကြီးနစ်မြုပ်ခဲ့ပြီး ပြန်လည်စိုက်ပျိုးသည့် မိုးစပါးတွင် ပျှမ်းမျှပင်ပွား ၁၇ ပင်ခန့်ရှိ၍ ရိတ်သိမ်းသည့်အခါ ယခင်နှစ်ထက် ပိုမိုထွက်ရှိမည်ဟု ခန့်မှန်းရကြောင်း၊ မိမိတို့ဒေသအတွက် ရေသွင်းမြောင်း ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်း၍ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကြာအင်းဆိပ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရေကြီးနစ်မြှုပ်မှုကြောင့် ပျက်စီးသော လယ်မြေများအတွက် မျိုးစပါးနှင့်ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် တာဝန်ရှိသူများက ထိခိုက်ပျက်စီးလယ်ဧက လေးထောင်ကျော်ခန့်အတွက် (၁၀၅)ရက်သက်တမ်း နှံကောက်မျိုးစပါး ၇၂၆ အိတ်နှင့် ကိုရီးယားကွန်ပေါင်း ဝမ်းပရို-၂၁ ဓါတ်မြေဩဇာ ၂၀ ကီလိုဂရမ် ၂၀ဝ အိတ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


