နေပြည်တော် ၉ အောက်တိုဘာ

 

သစ်တောနည်းဥပဒေ(မူကြမ်း)အပေါ် ဖြည့်စွက်အကြံပြုချက်များအား ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ပထမအကြိမ် ကျွမ်းကျင်သူစကားဝိုင်း အလုပ်ရုံဆွေးနွေးပွဲအား ယမန်နေ့ နံနက်ပိုင်းက တော်ဝင်နေပြည်တော်ဟိုတယ်၌ ကျင်းပသည်။

 

သစ်တောဥပဒေအသစ်ကို ၂၀၁၈ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၂၉)နှင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ (၂၀)ရက်မှာ အသစ်ပြဋ္ဌာန်းခဲ့ပြီး ဆက်လက်၍သစ်တောနည်းဥပဒေကို ရေးဆွဲဆောင်ရွက်လျက်ရှိသည်။

 

သစ်တောဥပဒေက ခြုံငုံပြဋ္ဌာန်းပြီး သစ်တောနည်းဥပဒေကို  ကိုင်တွယ်ကျင့်သုံးသူတွေအတွက် အသေးစိတ်ဖော်ပြခြင်း ဖြစ်သည်။ သစ်တောဦးစီးဌာနအနေဖြင့် နည်းဥပဒေ အပိုဒ်ပေါင်း (၁၃၆)ခုပါဝင်သည့် မူကြမ်းကို ဦးဆောင်တာဝန်ယူပြုစုခဲ့ပြီး သစ်တောနည်းဥပဒေ (မူကြမ်း) အား အကျိုးသက်ဆိုင်သူများထံ ချပြဆွေးနွေးပွဲများကို နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် (၁၅)ခုတွင် မေလမှ ဇူလိုင်လအတွင်း (၁၆)ကြိမ် ကျင်းပနိုင်ခဲ့ပြီး ဖြည့်စွက်ပြင်ဆင်ချက်ပေါင်း (၂၆၈၉)ခု ရရှိခဲ့သည်။

 

သစ်တောနည်းဥပဒေ (မူကြမ်း)အတွက် ဒုတိယအကြိမ် ကျွမ်းကျင်သူစကားဝိုင်းကို ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်ပြီး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။

 

ယနေ့ကျင်းပသည့်  ပထမအကြိမ် ကျွမ်းကျင်သူစကားဝိုင်းမှ အကြံပြုချက်များ၊ ပြင်ဆင်ချက်များ၊ ဖြည့်စွက်ချက်များကို သေချာစွာဝေဖန်ပိုင်းခြားစိတ်ဖြာပြီး လက်တွေ့ဆန်သော၊ အကျိုးထိရောက်စွာ ကိုင်တွယ်ကျင့်သုံးနိုင်သော သစ်တောနည်းဥပဒေတစ်ရပ် ပေါ်ထွန်းလာစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် သစ်တောဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများက ကဏ္ဍအလိုက် ဆွေးနွေးကြသည်။

 

အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဒေသခံတိုင်းရင်းသား ကိုယ်စားလှယ်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

 

သတင်းစဉ်