နေပြည်တော် ၁၀ အောက်တိုဘာ

 

ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ အရာထမ်းများအတွက် ပညာရေးစီမံခန့်ခွဲမှု ဒီပလိုမာဘွဲ့လွန်သင်တန်း (Postgraduate Diploma in Education Management - DEM) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ကပညာရေးဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၏ နည်းပညာပံ့ပိုးမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများကို နေပြည်တော်တွင် ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ဒိန်းမတ်နိုင်ငံတို့ပူးပေါင်း၍ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေဖြင့် စွမ်းဆောင်ရည်မြှင့်တင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်္ဂလိပ်စာ ဘာသာစကားကျွမ်းကျင်မှုသင်တန်း၊ ICT ကျွမ်းကျင်မှုဆိုင်ရာ အခြေခံသင်တန်း၊ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုသင်တန်း စသည်တို့ကို ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ အရာထမ်းများအား သင်ယူမှုအခွင့်အလမ်း ရရှိစေရန် ဆောင်ရွက်လျက် ရှိပါကြောင်း။

 

ယနေ့ဖွင့်လှစ်မည့် ပညာရေးစီမံခန့်ခွဲမှု ဒီပလိုမာဘွဲ့လွန်သင်တန်းကို လေ့လာဆန်းစစ် အကဲဖြတ်ရေးအဖွဲ့(သုတေသန)၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်တို့နှင့် ပူးပေါင်း၍ University College of London-Institute of Education (UCL-IOE)မှ နည်းပညာပံ့ပိုးမှုရယူကာ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေဖြင့် ဖွင့်လှစ်သည့် ပထမဆုံးဘွဲ့လွန်ဒီပလိုမာ သင်တန်းဖြစ်ပြီး ပညာရေးစီမံခန့်ခွဲသူများ သိရှိရန်လိုအပ်သည့် နိုင်ငံတကာအဆင့်မီ ဘာသာရပ်များကို သင်ကြားပို့ချပေးသည့်အတွက် သင်တန်းသားများအနေဖြင့် ကြိုးစားသင်ယူစေလိုကြောင်း၊ သင်ယူတတ်မြောက်စေရန်ပို့ချပေးမည့် ဆရာ၊ ဆရာမများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများအား လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ ယခုသင်တန်းတက်ရောက်မည့် အရာထမ်းဝန်ထမ်းများ အနေဖြင့် မိမိတို့အတွက် အကျိုးရှိထိရောက်စေမည့် အရည်အသွေးများကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် စွမ်းဆောင်ရည်မြှင့်သင်တန်းများ စဉ်ဆက်မပြတ်အောင်မြင်စွာ ဆက်လက်ဖွင့်လှစ်သွားနိုင်ရေး အတွက်လည်း အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန် တိုက်တွန်းပါကြောင်း  ပြောကြားသည်။

 

ဆက်လက်၍ ဒိန်းမတ်သံရုံးမှ Deputy Head of Mission, Ms. Hanne Carus, အမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းတာဝန်ခံ ရန်ကုန်ပညာရေးတက္ကသိုလ်၊ တွဲဖက်ပါမောက္ခ ဒေါက်တာခင်မာနီက သင်တန်းဆိုင်ရာများ ရှင်းလင်းတင်ပြပြီး အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။

 

ယနေ့အခမ်းအနားသို့ ဒိန်းမတ်သံရုံးမှ  Deputy Head of Mission, Ms. Hanne Carus, ပညာရေးဝန်ကြီးဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ သင်ယူတတ်မြောက်စေရန် ဆောင်ရွက်ပေးမည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

ယခုဖွင့်လှစ်သည့် ပညာရေးစီမံခန့်ခွဲမှု ဒီပလိုမာဘွဲ့လွန်သင်တန်းသို့ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ အရာထမ်းများနှင့် နေပြည်တော်ကောင်စီနယ်မြေမှ အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီးများ သင်တန်းသား/သင်တန်းသူ (၅၀)ဦး တက်ရောက်ကြပြီး ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလအထိ  တစ်နှစ်ကြာ စာတွေ့၊ လက်တွေ့ သင်ယူရမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်

 

 

1