နေပြည်တော် ၁၀ အောက်တိုဘာ
မြန်မာနိုင်ငံ ပန်းဝါသနာရှင်အသင်း၏ ငွေရတုအထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက်တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်အတွင်းရှိ အသင်းခန်းမ၌ကျင်းပရန် စီစဉ်ထားကြောင်း ယနေ့မွန်းလွဲပိုင်းက ကျင်းပသည့် စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။
အခမ်းအနားတွင် ပန်းအလှထိုးပြိုင်ပွဲ ကျင်းပခြင်း၊ ဓာတ်ခွဲခန်းတွင် စိုက်ပျိုးသည့် သစ်ခွပန်းများနှင့် ပန်းပုံများရေးဆွဲထားသည့် ရေဆေးပန်းချီကားများကို အသင်းရန်ပုံငွေအတွက် ရောင်းချခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ပန်းဝါသနာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးဇော်ဝင်းက “ပန်းမာန်စိုက်ပျိုးသူများအနေနဲ့ ခေတ်မီနည်းစနစ်တွေ အသုံးပြုပြီး စိုက်ပျိုးရေးနည်းပညာတွေ တိုးတက်ဖို့နဲ့ ပန်းမန်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေရရှိစေဖို့ သင်တန်းတွေလည်း ဖွင့်လှစ်လျက်ရှိပါတယ်’’ ဟုပြောသည်။
သင်တန်းများတွင် အခြေခံနှင့်အဆင့်မြင့် ပန်းအလှပြုပြင်မှုသင်တန်းများ၊ သစ်သီးအလှ ပုံဖော်သင်တန်းများ၊ စီးပွားဖြစ် သစ်ခွစိုက်ပျိုးနည်း သင်တန်းများနှင့် ပန်းဥယျာဉ် တည်ဆောက်ခြင်းနှင့် မြေယာရှုခင်းအလှ ပြုပြင်ခြင်းသင်တန်းများကို နိုင်ငံတကာအဆင့်မီ စီးပွားဖြစ်လုပ်ကိုင်နိုင်သည်အထိ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ ပန်းဝါသနာရှင်အသင်း အတွင်းရေးမှူး ဒေါ်နီဝါလွင်က “ပန်းဥယျာဉ် တည်ဆောက်ခြင်းနဲ့ မြေယာရှုခင်းအလှ ပြုပြင်ခြင်းသင်တန်းကို မေလမှာ အမှတ်စဉ် (၁)အဖြစ် ဖွင့်ခဲ့ပါတယ်။ ဒုတိယမြောက်သင်တန်းကို နိုဝင်ဘာ ၁၄ ရက်ကနေ ၂၉ ရက်အထိ ဖွင့်သွားမှာပါ။ ပို့ချမယ့် ဘာသာရပ်တွေက အလင်းရောင်ဆက်စပ်မှုနဲ့ ပုံကြမ်းဆွဲထုတ်ခြင်းပညာ၊ ရာသီပန်းများ အစေ့မှ မျိုးပွားခြင်းနည်းပညာနဲ့ မျိုးစေ့ရွေးချယ်ခြင်း အတတ်ပညာ၊ ဥယျာဉ်သုံး ပန်းပင်များစိုက်ပျိုးခြင်းနဲ့ အပင်မျိုးပွားခြင်းပညာ၊ အပင်များ ရွှေ့ပြောင်းစိုက်ပျိုးခြင်းနဲ့ ထိန်းသိမ်းနည်းပညာတွေကို လက်တွေ့ကွင်းဆင်း သင်ကြားသွားမှာပါ” ဟုပြောသည်။
မြန်မာနိုင်ငံ ပန်းဝါသနာရှင်အသင်းကို ၁၉၉၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ပြီး အသင်းသားဦးရေ ၂၀ဝ၀ ခန့်ရှိသည်။ အသင်းအနေဖြင့် မြန်မာ့ဂုဏ်ဆောင် ပြကွက်များ၊ နိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ပြသခြင်း၊ အပြည်ပြည်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများတွင် စာတမ်းများ တင်သွင်းခြင်းနှင့် အသိပညာဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိသည်။
သတင်း- မွန်းဦးနဒီ
ဓာတ်ပုံ- လှမိုး


