နေပြည်တော် ၁၀ အောက်တိုဘာ
ထာဝရငြိမ်းချမ်းရေးစေတီတော် အထက်ဌာပနာတော်သွင်းမဟာမင်္ဂလာ၊ ရွှေထီးတော်တင် မဟာမင်္ဂလာနှင့် မြသပိတ်၊ ရွှေကြာသင်္ကန်းတော်ကပ်နှင့် ဗုဒ္ဓါဘိသေကအနေ ကဇာတင်မဟာ မင်္ဂလာအခမ်းအနားများ ကျင်းပနိုင်ရေးအတွက် ထာဝရငြိမ်းချမ်းရေးစေတီ တော်တည်ထားကိုးကွယ်ရေး ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ထာဝရငြိမ်းချမ်းရေးစေတီတော်ကို စေတီတော် တည်ထားကိုးကွယ်ရေးဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားကြီး (၉)မျိုးရှိသည့်အနက် (၆)မျိုးကို အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ အထက်ဌာပနာတော်သွင်းမဟာမင်္ဂလာ၊ ရွှေထီးတော်တင်မဟာမင်္ဂလာနှင့် မြသပိတ်၊ ရွှေကြာသင်္ကန်းတော်ကပ်နှင့် ဗုဒ္ဓါဘိသေကအနေက ဇာတင်မဟာမင်္ဂလာအခမ်းအနားတို့ကို ၁၃၈၁ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် သာသနာတော်ဆိုင်ရာ ထုံးတမ်းစဉ်လာများနှင့်အညီ ကျင်းပသွားမည်ဖြစ်ပါကြောင်း။
အဆိုပါ အခမ်းအနားများကို နိုင်ငံတော်အဆင့် အခမ်းအနားများအဖြစ် တစ်ပေါင်း တည်းကျင်းပသွားမည်ဖြစ်သည့်အတွက် အခမ်းနားဆုံးနှင့် အထည်ဝါဆုံးဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရဟန်းရှင်လူပြည်သူအပေါင်း၏ လှူဒါန်းမှုဖြင့် ထာဝရငြိမ်းချမ်းရေး စေတီတော်ကို တည်ထားကိုးကွယ်ခြင်းဖြစ်သည့်အတွက် နိုင်ငံတစ်ဝန်းရှိရဟန်းရှင် လူပြည်သူအပေါင်း ကြည်ညိုသဒ္ဓါပွားများနိုင်ရန် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့် သွားနိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ထာဝရငြိမ်းချမ်းရေးစေတီတော်အား သတ်မှတ်ရက်အတွင်း မဟာမင်္ဂလာအခမ်း အနားကြီးများ ခမ်းနားထည်ဝါအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်း ကော်မတီ၊ ဆပ်ကော်မတီအသီးသီးအနေဖြင့် စနစ်တကျ ကြိုတင်စီမံဆောင်ရွက်ကြရန်နှင့် လိုအပ်ချက်များကို ဆပ်ကော်မတီများအလိုက် တင်ပြကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်မှုလုပ်ငန်းများနှင့် မဟာမင်္ဂလာအခမ်းအနားကြီးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ယင်းနောက် သာသနာတော်ဆိုင်ရာအခမ်းအနားများ ကျင်းပရေးဆပ်ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ သံဃာတော်များပင့်လျှောက်ရေး၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီ၊ လုပ်ငန်းနှင့် စာရင်းစစ်ဆေးရေး ဆပ်ကော်မတီများမှ တာဝန်ရှိသူများက ဆပ်ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြပြီးတက်ရောက် လာကြသူများက မဟာမင်္ဂလာအခမ်းအနားကြီးများ အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးဦးကြည်မင်း၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
သတင်းစဉ်


