ရန်ကုန် ၁၀ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီးတွင် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ၁၉၉၅ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း အပြီးအပိုင်ရောင်းချခဲ့သော နိုင်ငံပိုင်ရုပ်ရှင်ရုံများအနက် စာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်များအတိုင်း ရုပ်ရှင်ပြသခြင်းလုပ်ငန်း ဆောင်ရွက်ရန်ကျန်ရှိသည့် ရုပ်ရှင်ရုံ(၁၁)ရုံနှင့်ပတ်သက်၍ ဝယ်ယူထားသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ တာဝန်ရှိသူများ၊ ရုပ်ရှင်ရုံဝယ်ယူထားသည့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ရောင်းချခဲ့ပြီး စာချုပ်ပါစည်းကမ်းချက်များနှင့်အညီ ရုပ်ရှင်ပြသခြင်းလုပ်ငန်း ဆောင်ရွက်ရမည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရုပ်ရှင်ရုံ (၁၃)ရုံအနက် ရုပ်ရှင်ရုံ (၂)ရုံမှာ Digital စနစ်ဖြင့် ပြသနိုင်သည့် အဆင့်မြင့်ရုပ်ရှင်ရုံများအဖြစ် ဖွင့်လှစ်နိုင်ခဲ့သော်လည်း ရုပ်ရှင်ရုံ(၁၁)ရုံမှာ ဆောင်ရွက်ရန်ကျန်ရှိနေကြောင်း၊ အဆိုပါရုပ်ရှင်ရုံများ ဝယ်ယူထားသည့် လုပ်ငန်းရှင်များအနေဖြင့် ရုပ်ရှင်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ရန် စီမံဆောင်ရွက်ထားမှု အခြေအနေများကို သိရှိလိုသဖြင့် ယနေ့အစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ကြောင်း၊ စာချုပ်ပါစည်းကမ်းနှင့်အညီ ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရောင်းချထားခဲ့သည့် ရုပ်ရှင်ရုံမြေနေရာများတွင် ရုပ်ရှင်ပြသခြင်း လုပ်ငန်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က နိုင်ငံတစ်ဝန်း ရုပ်ရှင်ရုံများ အခြေအနေ၊ ရုပ်ရှင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများ၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ရုပ်ရှင်ရုံများ ရောင်းချခဲ့မှုအခြေအနေ၊ စာချုပ်ပါစည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ရမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရုပ်ရှင်ပြသမှုလုပ်ငန်း ဆောင်ရွက်ရန်ကျန်ရှိသည့် စမ်းချောင်းမြို့နယ်ရှိ ရတနာပုံရုပ်ရှင်ရုံ၊ ရွှေမန်း ရုပ်ရှင်ရုံ၊ ကျောက်တံတားမြို့နယ်ရှိ ဆုထူးပန်ရုပ်ရှင်ရုံ၊ ဘုရင့်ရုပ်ရှင်ရုံ၊ မြို့မရုပ်ရှင်ရုံ၊ ရွှေဂုန်ရုပ်ရှင်ရုံ၊ ကြည့်မြင်တိုင်မြို့နယ်ရှိ သီတာရုပ်ရှင်ရုံ၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာရုပ်ရှင်ရုံ၊ မှော်ဘီမြိုနယ်ရှိ မြင့်ရုပ်ရှင်ရုံ ဝယ်ယူထားသူများမှ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးကြရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရုပ်ရှင်ရုံ ပြန်လည်တည်ဆောက်သွားမည့် အဆိုပြုပုံစံကို နိုဝင်ဘာလအတွင်း တင်ပြသွားရန်နှင့် တက်ရောက်လာခြင်းမရှိသည့် ရုပ်ရှင်ရုံဝယ်ယူထားသူများ ဌာနနှင့် အမြန်ဆက်သွယ်နိုင်ရေး ဆွေးနွေးမှာကြားခဲ့သည်။
ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ၁၉၉၅ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ရောင်းချခဲ့သော နိုင်ငံပိုင်ရုပ်ရှင်ရုံများအတွက် စာချုပ်ပါ သတ်မှတ်ချက်အရ ရုပ်ရှင်ပြသခြင်းလုပ်ငန်း ဆောင်ရွက်ရမည့် ရုပ်ရှင်ရုံ (၉၄)ရုံတွင် ရန်ကုန်တိုင်းဒေသကြီးမှ ရုပ်ရှင်ရုံ (၁၃)ရုံ ပါဝင်လျက်ရှိရာ တာမွေမြို့နယ်ရှိ ဘုရင့်နောင်ရုပ်ရှင်ရုံမှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၈)ရက်က ပိတ်ကား (၃)ခုဖြင့် လည်းကောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ရွှေရတနာ ရုပ်ရှင်ရုံမှာ ၂၀၁၉ ခုနှစ်၊ မတ်လ (၁) ရက်က ပိတ်ကား (၃)ခုဖြင့်လည်းကောင်း Digital စနစ်ဖြင့် ပြောင်းလဲပြသသည့် ရုပ်ရှင်ရုံများ တည်ဆောက်ပြီး ပြသလျက်ရှိသဖြင့် ရုပ်ရှင်ပြသခြင်းလုပ်ငန်း ဆောင်ရွက်ရန် ရုပ်ရှင်ရုံ(၁၁)ရုံ ကျန်ရှိနေခြင်းဖြစ်သည်။
ယခုအခါ အစိုးရအဖွဲ့များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှုကြောင့် Digital စနစ်ဖြင့် ပြသသည့် နိုင်ငံပိုင်ရုပ်ရှင်ရုံ၊ အပြီးရောင်းချထားသည့် ရုပ်ရှင်ရုံနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ အစီအစဉ်ဖြင့် ဖွင့်လှစ်သော ရုပ်ရှင်ရုံ စုစုပေါင်း အရေအတွက်မှာ ရန်ကုန်တိုင်းဒေသကြီးတွင် ရုပ်ရှင်ရုံ(၆၈)ရုံတွင် ပိတ်ကား(၈၁)ခုအထိ တိုးတက်လာသကဲ့သို့ နိုင်ငံတစ်ဝန်းတွင် ရုပ်ရှင်ရုံ (၁၅၉) ရုံတွင် ပိတ်ကား (၁၈၂)ခုအထိ တိုးတက်ပြသလာနိုင်ပြီဖြစ်ကြောင်း၊ သို့သော်လည်း ရုပ်ရှင်ဇာတ်ကားများ ထုတ်လုပ်လာနိုင်မှုနှင့် ရုပ်ရှင်ရုံနှင့်ပိတ်ကားများ တိုးတက်လာမှုတို့ နှိုင်းယှဉ်ပါက ရုပ်ရှင်ရုံနှင့် ပိတ်ကားလိုအပ်ချက်မှာ မြင့်မားနေဆဲဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ- တင်ကိုဝင်း(MPDB)


