သီတင်းကျွတ်တွင် ပလ္လင်ဆေးမိုးသွန်းဖြိုး ဟူသည့် ဆယ့်နှစ်လမိုး ရှေးစာဆိုနှင့်အညီ မိုးက မပြတ်သေးသည့်တိုင် ခြေခင်းလက်ခင်းသာစပြုပြီ။ အောက်ပြည် အောက်ရွာတွင် သည့်အခါ ရွာနေဆဲတွင် မြေလတ်ဒေသနှင့် အထက်အညာတွင်မူ မိုးတိမ်အံ့ပျပျနှင့် စိမ်းလန်းသည့် ဝန်းကျင်၊ ရေပြည့်နေဆဲ ကန်ရေပြင်တို့နှင့် သဘာဝပတ်ဝန်းကျင် တစ်ခုလုံး သာယာလှပသည့် အခါသမယလည်း ဖြစ်သည်။
ယခုနှစ် အောက်တိုဘာ ၁၁ ရက်မှ ၁၅ ရက်အထိ (မြန်မာသက္ကရာဇ် သီတင်းကျွတ်လဆန်း ၁၃ ရက်မှ သီတင်းကျွတ် လပြည့်ကျော် ၂ ရက်အထိ)ကို အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့က ထုတ်ပြန်ကြေညာထားသည့်အလျောက် သီတင်းကျွတ်ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက်၊ ငါးရက်သည် ရုံးဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ စက်ရုံ အလုပ်ရုံများမှ အလုပ်သမား၊ အမှုထမ်း၊ အရာထမ်းများအတွက် မိဘရပ်ထံပြန်ရန်၊ ဇာတိမြေနှင့် ရပ်ဆွေရပ်မျိုးတို့ထံ လည်ပတ်ရန်၊ ဘုရားဖူးရန်၊ အပန်းဖြေရန်၊ ဒေသန္တရဗဟုသုတရှာမှီးရန် အခွင့်အလမ်းတစ်ရပ်ကို ရရှိလိုက်ခြင်း ဖြစ်သည်။
အဝေးပြေးယာဉ်လိုင်းများတွင် ပိတ်ရက်မတိုင်မီကပင် ကြိုတင်လက်မှတ်များကုန်သည့် ယာဉ်လိုင်းက ကုန်ကြပြီ။ မြန်မာ့မီးရထားကလည်း သီတင်းကျွတ်အများပြည်သူ အလုပ်ပိတ် ရက် ကာလအတွက် အထူးရထား တိုးချဲ့ပြေးဆွဲကာ အားဖြည့်ရသည်။ ခရီးသွားလုပ်ငန်း ကုမ္ပဏီများ ယခုခရီးသွား ရာသီတွင် ခရီးစဉ်အသစ်များ ထပ်မံစီစဉ်ကြရသည်။ ရာသီအဖွင့် ကောင်းသည်ဆိုသော သတင်းစကားအချို့ကို ကြားသိရသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အမျှ ပြည်တွင်းခရီးသွားလုပ်ငန်းများ ပို၍ ဖွံ့ဖြိုးလာမည်သာဖြစ်သည်။ စစ်ကိုင်း၊ မန္တလေး ၊ ပုဂံ - ညောင်ဦး၊ တောင်ကြီး၊ ပြင်ဦးလွင်၊ ကျိုက်ထီးရိုး၊ ဘားအံ ၊ မော်လမြိုင် စသည့်နေရာဒေသများမှာ ပြည်တွင်းခရီးသွားများ အများအပြားသွားရောက်ကြရာ ဒေသများ ဖြစ်သည်။ သင်္ကြန်အလုပ် ပိတ်ရက်ရှည်ကာလသည် နွေဥတုအပူရှိန်နှင့် သင်္ကြန်ပွဲတော် ကာလအတွင်းဖြစ်သည့်အတွက် ခရီးသွားလာရာတွင် အခက်အခဲများစွာကြုံကြရသည်။ စားရေး ၊ သောက်ရေး၊ တည်းခိုနေထိုင်ရေးနှင့် သွားလာရေးတို့တွင် အဆင်မပြေမှုများစွာ ရင်ဆိုင်ကြရ သည်။ သင်္ကြန်အလုပ်ပိတ်ရက်များကို လျှော့ချလိုက်ခြင်းက ခရီးသွားလုပ်ငန်းများကိုလည်း ပိုမို၍ အထောက်အကူပြုသွားခဲ့သည်။ သီတင်းကျွတ်၊ တန်ဆောင်တိုင်နှင့် ဒီဇင်ဘာရုံးပိတ်၊ ကျောင်းပိတ်ကာလများအတွင်း ပြည်တွင်း ခရီးသွားလာမှုများ မြင့်တက်လာသည်ကို တွေ့မြင်ရသည်။
ရုံးပိတ်ရက်ကာလ အမြန်လမ်းမကြီးနှင့် ပြည်ထောင်စု လမ်းမကြီးများ၊ အဝေးပြေးလမ်း များပေါ်တွင် ခရီးသည်တင် ယာဉ်ကြီး၊ ယာဉ်ငယ်များ၊ ဘုရားဖူးယာဉ်များမှာ ပုံမှန်အခြေ အနေထက် ပိုမိုများပြားလေ့ရှိရာ ယာဉ်အန္တရာယ်မဖြစ်စေရေးအတွက် အထူးဂရုပြုကြရမည် လည်းဖြစ်သည်။ ဘေးအန္တရာယ်များ မဖြစ်စေရန် ချမှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ မောင်းနှင်သွားလာကြရန် တိုက်တွန်းလိုသည်။ ယာဉ်မတော်တဆမှုဖြစ်စဉ်များ၏ အခြေခံအကြောင်းတရားများတွင် မော်တော်ယာဉ်ကို မဆင်မခြင်မောင်းနှင်ခြင်း၊ ယာဉ်/လမ်း စည်းကမ်းများလိုက်နာမှုအားနည်းခြင်း၊ ကျွမ်းကျင်မှု အားနည်းခြင်းနှင့် လမ်းအခြေအနေ၊ ရာသီဥတုအခြေအနေ အားနည်းခြင်းတို့ ပါဝင်သည်။ အဓိက အကျဆုံးအချက်မှာမူ ယာဉ်မောင်း သူ၏ အားနည်းချက်ပင်ဖြစ်သည်။ ယာဉ်မတော် တဆဖြစ်ပွားမှုများ၏ ၈၀ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းအထိသည် ယာဉ်မောင်းသူ၏အမှား၊ ယာဉ်မောင်းသူ၏ အားနည်းချက်ကြောင့် ဖြစ်သည်ဟု သုတေသနရလဒ်များက ဖော်ပြခဲ့ရာ သတိပြုကြဖို့လိုသည်။
သီတင်းကျွတ်လသည် မြန်မာ့ယဉ်ကျေးမှုတွင် အရေးပါသောလ၊ အထွတ်အမြတ်ဖြစ်သော လဖြစ်သည်။ ဝါလကင်းလွတ် သီတင်းကျွတ်သည်ကို အကြောင်းပြု၍ ဘာသာရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ ရိုးရာဓလေ့ဆိုင်ရာ ပွဲအမျိုးမျိုးတို့ ဆင်ယင်ကျင်းပကြသည့် ချိန်ခါတွင် ဘိုးဘွားမိဘတို့ကို ဇာတိရပ်ရွာပြန်၍ ကန်တော့ကြရခြင်း၊ တန်ခိုးကြီးဘုရားစေတီပုထိုးတို့ကို ဖူးမြော် ကြရခြင်း၊ ရိုးရာဓလေ့ပွဲတော်တို့ကို ဆင်နွှဲပျော်ရွှင်ခွင့်ရကြခြင်းသည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့်အခွင့်ထူးပင်ဖြစ်သည့် အလျောက် ဘေးရန်ကင်းရှင်းစွာ သွားလမ်းလာလမ်းသာယာ ဖြောင့်တန်းကြပါစေကြောင်း။ မြန်မာ့အလင်း