မန္တလေး ၁၁ အောက်တိုဘာ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ တာဝန်ယူဖောက်လုပ်မည့် မူဆယ်-မန္တလေး ရထားလမ်းပိုင်း ဖြစ်နိုင်စွမ်းလေ့လာခြင်းအတွက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်းအား တတိယအဖွဲ့အစည်းဖြစ်သော Ever Green Tech Environmental Services and Training Co.,Ltd. ဖြင့် လုပ်ဆောင်လျက်ရှိပြီး အဆိုပါတတိယအဖွဲ့အစည်းမှ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာကိစ္စရပ်များအား တင်ပြဆွေးနွေးသည့် လူထုတွေ့ဆုံပွဲကို အောက်တိုဘာ ၁၀ ရက် မွန်းလွဲပိုင်းက ပုသိမ်ကြီးမြို့နယ်ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပုသိမ်ကြီးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းဌေးလင်းကအဖွင့်အမှာစကားပြောကြားပြီးမြန်မာ့မီးရထားလုပ်ငန်းအထက်မြန်မာပြည်အထွေထွေမန်နေဂျာဦးမျိုးဝင်းကမီးရထားလမ်းဖေါက်လုပ်မှူနှင့် ပတ်သက်၍ လုပ်ဆောင်သွားမည့်လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ Ever Green Tech Enviromental Services and Training Co.Ltd.မှဒေါက်တာကျော်စွာတင့်၊ ဦးတင်အောင်မြင့်၊ ဒေါက်တာညွန့်လွင်နှင့် အကြံပေးများကသဘာဝပတ်ဝန်းကျင်ဆိုင်ရာများ လယ်ယာမြေများ၊ ဘူမိဗေဒဆိုင်ရာ အချက်အလက်များ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ထိခိုက်မှူရှိမရှိအကြောင်းတို့ အပြင်ရေမြေသစ်တော၊ လူနေအိမ်၊ သာသနာ့မြေ၊ ယဉ်ကျေးမှူနယ်မြေစသည်တို့ကို ထည့်သွင်းစဉ်းစားဆောင်ရွက်ရန်တို့ကို ရှင်းလင်းရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသည့် ဒေသခံပြည်သူများမှ သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများကပြန်လည် ရှင်းလင်းဖြေကြားပေးကြသည်။
မူဆယ်-မန္တလေး ရထားလမ်းပိုင်းသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း ကူမင်း-မူဆယ်-မန္တလေး-ကျောက်ဖြူ အမြန်ရထားလမ်းစီမံကိန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းသည် ခန့်မှန်းကီလိုမိတာ ၄၃၀ ကျော် ရှည်လျားမည်ဖြစ်ပြီး လျှပ်စစ်ရထားဖြင့် တစ်နာရီလျှင် ၁၆၀ ကီလိုမိတာ မောင်းနှင်နိုင်ရန် ဒီဇိုင်းထုတ်ထားသည်။
အဆိုပါ ရထားလမ်းတစ်လျှောက် ကုန်တင်ဘူတာ (၇)ခုနှင့် လူစီးဘူတာ (၅)ခု တည်ဆောက်ရန် မျှော်မှန်းထားသည်။ မူဆယ်-မန္တလေး ရထားလမ်းပိုင်းနှင့် ချိတ်ဆက်ရန် တရုတ်အစိုးရက ကူမင်း-ရွှေလီ အမြန်ရထားလမ်းကို ဖောက်လုပ်နေပြီး ၂၀၂၁ ခုနှစ်တွင် ပြီးစီးရန်လျာထားကြောင်း နှင့် မူဆယ်-မန္တလေး ရထားလမ်းပိုင်းအတွက် လမ်းကြောင်းကို တရုတ်အစိုးရကျောထောက်နောက်ခံပြုထားသည့် CREEC (China Railway Eryuan Engineering Group Co.,Ltd.) က မြေပြင်လေ့လာဆန်းစစ်မှုများ ပြုလုပ်နေပြီဖြစ်သည်။
ယခုလုပ်ဆောင်နေသည့် မူဆယ်-မန္တလေး ရထားလမ်းကြောင်း မြေပြင်လေ့လာဆန်းစစ်ချက်ကို တစ်နှစ်အတွင်း အစီရင်ခံစာ တင်ရမည်ဖြစ်ပြီး အစီရင်ခံစာတွင် ရထားလမ်းဖောက်လုပ်ရန် ဖြစ်နိုင်ခြေ ရှိ/မရှိ ဖောက်လုပ်မည့်လမ်းတစ်လျှောက်ရှိ ပြည်သူလူထုကို အသိပေးချပြခြင်း၊ သဘောဆန္ဒတောင်းခံခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု လေ့လာဆန်းစစ်မှု၊ လူမှုဘဝနှင့် သက်ဆိုင်သော အကဲဖြတ်ခြင်းများ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
တင်မောင်မန်းကိုယ်ပွား


