ရန်ကုန် ၁၁ အောက်တိုဘာ
ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို ဟောင်ကောင်နှင့် လက်မှတ်ရေးထိုးရန်ပြင်ဆင်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
လက်ရှိ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၈ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ်၊ လာအို၊ ကူဝိတ်၊ ထိုင်း၊ အိန္ဒိယ၊ ဂျပန်၊ အင်ဒိုနီးရှား၊ အမေရိကန်၊ ကိုရီးယား၊ အစ္စရေး၊ စင်္ကာပူတို့နှင့် လက်မှတ်ရေးထိုးထားပြီဖြစ်ကာ ဆယ့်လေးနိုင်ငံမြောက်အဖြစ် ဟောင်ကောင်နှင့်လည်း ညှိနှိုင်းလျက်ရှိပြီး မကြာခင် လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို နှစ်နိုင်ငံအကြား ချုပ်ဆိုနိုင်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် အပြန်အလှန်ယုံကြည်မှု ပိုမိုခိုင်မာစေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန် က ပြောသည်။
"ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်တယ်ဆိုရင် အမှန်တော့ ဘယ်နိုင်ငံဖြစ်ဖြစ် မြန်မာ နိုင်ငံမှမဟုတ်ဘူး ကိုယ့်နိုင်ငံမှာရှိတဲ့ ဥပဒေတွေ အားကောင်းနေတယ်ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေက ယုံကြည်မှုရှိတယ်ဆိုရင် ဘာ Treaty မှ မချုပ်လည်း ရတယ်၊ လာမှာပဲ၊ ဒါပေမယ့် ဘာ့ကြောင့် Treaty ချုပ်တယ်ဆိုတဲ့ ယေဘုယျသဘောက Treaty ဆိုတာ ပိုပြီးတော့ ခိုင်မာသွားစေချင်လို့၊ Treaty ကို ချုပ်ကြတာ၊ Treaty ချုပ်ခြင်းအားဖြင့် သူတို့က နှစ်နိုင်ငံအကြား ချုပ်ထားပြီဆိုတဲ့အခါကျတော့ သူတို့ တစ်ခုခု Issue ရှိလာပြီဆိုရင် Treaty မှာ ဘယ်လိုပြောထားလဲ၊ ဒီဟာကို ကိုင်ပြီးတော့ ပြောလို့ရတာပေါ့နော်၊ ဘာလို့လည်းဆို အနောက်နိုင်ငံတွေက ဖွံ့ဖြိုးတဲ့နိုင်ငံ၊ သူတို့ထက်စာရင် Legal Framework က အားနည်းတာရှိတယ်၊ အားနည်းတဲ့အခါကျတော့ ကျွန်တော်တို့ ခိုင်မာစေချင်တဲ့အတွက် ဒါကိုချုပ်တယ်"ဟု ဒေါ်တင်အေးဟန်က ပြောသည်။
ပြီးခဲ့သည့်လအတွင်းကလည်း ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်သည့် စင်ကာပူနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး စင်ကာပူ၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားထားသည်။
ထိုသို့ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံပေါင်းစုံနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို ချုပ်ဆိုခြင်းများ လုပ်ဆောင်နေသော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေကြောင့်ဟုဆိုကာ ၂ဝ၁၄ ခုနှစ်မှ စတင်ညှိနှိုင်းခဲ့သည့် အီးယူနှင့် သဘောတူစာချုပ်သည် ၂ဝ၁၇ ခုနှစ်တွင် ရပ်ဆိုင်းသွားခဲ့ပြီး ယနေ့အချိန်ထိ ပြန်လည်ညှိနှိုင်းနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
Nyein Nyein


