နေပြည်တော် ၁၁  အောက်တိုဘာ

           

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် အကြိမ်(၇၀)မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ အမှုဆောင်ကော်မတီအစည်းအဝေး တက်ရောက်နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် UNHCR ၏ အာရှနှင့်ပစိဖိတ်ဒေသညွှန်ကြားရေးမှူး Mr. IndrikaRatwatte အား ယမန်နေ့နံနက်ပိုင်းတွင် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂအဖွဲ့ရုံး၌ တွေ့ဆုံခဲ့သည်။

           

တွေ့ဆုံစဉ် UNHCR အနေဖြင့် ရခိုင်ပြည်နယ်တွင် ထိရောက်မှုမြန်ဆန်သည့် စီမံကိန်း (Quick Impact Project – QIP) များ တိုးမြှင့်ပူးပေါင်းလုပ်ဆောင်လိုမှု၊ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများအား ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းအခွင့်အလမ်း ရရှိစေမှုနှင့် လွတ်လပ်စွာ သွားလာခွင့်ရရှိအောင် ဆောင်ရွက်ပေးရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများမှ နေရပ်စွန့်ခွာသူများ၏ စိုးရိမ်ပူပန်မှုများရှိနေခြင်းကြောင့် သတင်းမှန်ရောက်ရှိစေရေး၊ ပြန်လည်လက်ခံရေး အောင်မြင်ရန် လက်တွေ့အကောင်အထည် ဖော်ရာ၌ ပိုမိုလွယ်ကူအဆင်ပြေစေရန် နီးစပ်ရာရွာအလိုက် စုစည်းဆောင်ရွက်ရေး၊ ကော့ဘဇားတွင် သတင်းအချက်အလက်များကို ထိရောက်စွာ မျှဝေပေးရန်အရေးကြီးပြီး ၎င်းခရီးစဉ်တွင် မြေပြင်တွင် လက်တွေ့ဆောင်ရွက်နေသော ရခိုင်ပြည်နယ်မှ ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်ရေး၊ အာဆီယံနိုင်ငံများတွင် ထိုင်း၊ စင်္ကာပူနှင့် အင်ဒိုနီးရှား နိုင်ငံများမှ ပြန်လည်နေရာချထားရေးတွင် အကူအညီပေးနိုင်သည့် ရင်းမြစ်များ အခြေအနေတို့ကို အကြံပြုဆွေးနွေးသည်။

           

ထို့ပြင် “ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရေး စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ”အရ နေရပ်စွန့်ခွာမှုများ ရှိနေသည့် ပြည်နယ်/တိုင်းဒေသကြီးများတွင် ပြန်လည်နေရာချထားရေးအတွက် ရှေ့ဆက် ဆောင်ရွက်မည့် အစီအစဉ်များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသူများ မိမိဆန္ဒအလျောက်၊ မိမိအစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်မှုအခြေအနေ၊ ကချင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သည့်အဖွဲ့ ဖွဲ့စည်းကာ ဆောင်ရွက်နေမှုများကို ဆွေးနွေးကြပြီး နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာနှင့်အညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်အစီအစဉ်များကို မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသည့် UNHCR ၏ ဌာနေကိုယ်စားလှယ်နှင့် အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်