ရန်ကုန် ၁၁ အောက်တိုဘာ
မြန်မာနိုင်ငံမှန်ပြောင်းအသုံးပြုခွဲစိတ်ကုသမှုပညာရပ်အဖွဲ့ (Endoscopic Surgical Society, Myanmar) က ကြီးမှူးကျင်းပသည့် စတုတ္ထအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာညီလာခံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Novotel Hotel Max ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကမ္ဘာတစ်ဝန်းတွင် ခွဲစိတ်ကုသမှုပညာရပ် နယ်ပယ်နှင့် ခွဲစိတ်ကုသမှုပစ္စည်းကိရိယာများသည် လျင်မြန်စွာ ဆန်းသစ်တိုးတက်လျက်ရှိရာ မိမိတို့နိုင်ငံအနေဖြင့် ယခုကဲ့သို့ညီလာခံမျိုးတွင် ပညာရပ်ဆိုင်ရာ ဆန်းသစ်တီထွင်မှုများ၊ တိုးတက်ဖြစ်ထွန်းမှုများ၊ နိုင်ငံတကာမှ အတွေ့အကြုံများကို ပညာရှင်ကြီးများမှ ဝေမျှဆွေးနွေးကြခြင်းဖြင့် မြန်မာနိုင်ငံမှ ဆေးပညာရှင်များ၊ အထူးသဖြင့် မျိုးဆက်သစ် ဆေးပညာရှင်များအတွက် များစွာအကျိုးရှိစေမည်ဖြစ်ပြီး ထိုမှတစ်ဆင့် အဆိုပါ ဆေးပညာရှင်များ ကုသမှုပေးမည့် ပြည်သူများအတွက်လည်း များစွာအကျိုးရှိစေမည်ဖြစ်ပါကြောင်း။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ နိုင်ငံတကာနှင့် ချိတ်ဆက်၍ ဆေးပညာကဏ္ဍ နယ်ပယ်အသီးသီး တိုးတက်စေရေး ဆောင်ရွက်နေမှုများကို အားပေးဆောင်ရွက်လျက်ရှိပြီး၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတကာတက္ကသိုလ်များသို့ အင်တာနက်ကွန်ရက်မှ ချိတ်ဆက်၍ ပညာတော်သင် သွားရောက်ခြင်းများကိုလည်း ခွင့်ပြုစေလွှတ်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်များ၏ အခြေခံခွဲစိတ်ကုသမှုဆိုင်ရာ စွမ်းဆောင်ရည်နှင့် အခြေခံမေ့ဆေးပညာ စွမ်းဆောင်ရည် မြင့်မားရေးအတွက်ကိုလည်း သက်ဆိုင်ရာပညာရပ်ပါမောက္ခများ၊ ပညာရှင်ကြီးများအစုအဖွဲ့မှ ဆက်လက်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ထို့ပြင် မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများမှ သူနာပြုများ၊ ခွဲစိတ်ကုသမှုအထောက်အကူပြု ပညာရှင်များ၏ စွမ်းရည်များ တိုးတက်မြင့်မားရေး ကိစ္စရပ်များကိုလည်း ဝိုင်းဝန်းဆောင်ရွက်ကြစေလိုပါကြောင်း။
ယခုညီလာခံကြီးတွင် ဆွေးနွေးမည့်အကြောင်းအရာ ခေါင်းစဉ်များသည် ကောင်းမွန်ပြီး အဆိုပါ အကြောင်းအရာများ ဆွေးနွေးမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဆရာဝန်များ ထံသို့လည်း မျှဝေပေးစေလိုပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပညာရပ်ဆိုင်ရာ နှီးနှောဆွေးနွေးပွဲများ၊ ညီလာခံငယ်များကိုလည်း ပြုလုပ်သွားစေလိုပါကြောင်း၊ နိုင်ငံတကာမှ ဆေးပညာ ရှင်များကိုဖိတ်ခေါ်၍ ဆေးကုသမှုလုပ်ငန်းများ ပူးတွဲဆောင်ရွက်ခြင်းများကိုလည်း ပိုမိုဆောင်ရွက်စေလိုပါကြောင်း၊ ပညာရပ်နယ်ပယ် ပိုမိုတိုးတက်မြင့်မားရေးအတွက် ယခုညီလာခံတွင် ဆွေးနွေးပြောကြားသည့် နိုင်ငံတကာပညာရှင်များ၏ အတွေ့အကြုံများကို အခြေခံ၍ မိမိတို့နိုင်ငံ၏ လူ့စွမ်း အားအရင်းအမြစ်အခြေအနေ၊ စက်ပစ္စည်းနှင့် ဘဏ္ဍာရေးအခြေအနေစသည့် အခြေအနေ အရပ်ရပ်နှင့် ကိုက်ညီစွာဖြင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်သော မူဘောင်နှင့် လမ်းပြမြေပုံများ ချမှတ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ ကိစ္စရပ်များသည် လူနာတစ်ဦး၏ ရောဂါရာဇဝင်ကို မေးမြန်းခြင်းမှ စတင်၍ ရောဂါရှာဖွေခြင်း၊ ကုသမှုပေးခြင်း၊ ကုသမှုပေးပြီးနောက် ပြန်လည်သန်စွမ်းရေး ဆောင်ရွက်ခြင်းစသည်ဖြင့် ကြီးမားကျယ်ပြန့်ပြီး ပညာရပ်ပေါင်းစုံမှ ပညာရှင်များပူးပေါင်း ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆေးပညာဘာသာရပ်အသီးသီးတွင် အငြိမ်းစားဆေးပညာရှင်ကြီးများ၊ ပါမောက္ခများပါဝင်သည့် အဖွဲ့များ ဖွဲ့စည်း၍ ဆေးနှင့် ဆေးပစ္စည်း ဝယ်ယူရေး၊ စဉ်ဆက်မပြတ်ဆေးပညာသင်ကြားရေးနှင့် ခွဲစိတ်ကုပညာအပါအဝင် ဆေးပညာ ဘာသာရပ်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကြံဉာဏ်များ ရယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ညီလာခံကြီး ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း။
ယခုညီလာခံကြီးမှတစ်ဆင့် မြန်မာနိုင်ငံမှ ဆရာဝန်များ မှန်ပြောင်းအသုံးပြုခွဲစိတ်ကုသမှု ပညာရပ်ဆိုင်ရာဗဟုသုတ၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ နည်းပညာနှင့်နည်းစနစ်များ၊ နိုင်ငံတကာမှ အတွေ့အကြုံများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မှန်ပြောင်းအသုံးပြုခွဲစိတ် ကုသမှု ပညာရပ်အပါအဝင် ဆေးပညာဘာသာရပ်များအားလုံး ပိုမိုတိုးတက်ဖွံ့ဖြိုးစေရေး အတတ်နိုင်ဆုံး ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ဆရာဝန်အသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာရဲမြနှင့် မြန်မာနိုင်ငံ မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသမှုပညာရပ်အဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာသိန်းမြင့်တို့က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ညီလာခံသို့ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ ဂျပန်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ဆေးပညာရှင်များနှင့် ပြည်တွင်းရှိ ခွဲစိတ်ပညာဘာသာရပ်အသီးသီးမှ ပါမောက္ခကြီးများနှင့် ပညာရှင်များ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့ရှိ ကင်ဆာရောဂါကုသမှုဆေးပညာလူနာဆောင်များသို့ ရှောင်တခင် သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


