ယင်းမာပင် ၁၂ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်၊ ပုလဲနှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ရေလျှံဇုန်ကြီးအား ရေရှည်တည်တံ့ပြီး အသုံးပြုနိုင်ရန်အတွက် နိုင်ငံခြားမှ ပညာရှင်များဖြင့် သုတေသနပြု လုပ်ဆောင်နိုင်ရန် လိုအပ်သော ကနဦးသုတေသနပြု တိုင်းတာခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်သန်း၏ ပြောကြားချက်အရ သိရသည်။
ရာသီဥတုပြောင်းလဲလာပြီး မိုးရွာသွန်းမှုနည်းလာခြင်း၊ ဒေသခံတောင်သူများမှ ကိုယ်ပိုင်တွင်းတူးမှု များပြားလာခြင်းကြောင့် မြေအောက်ရေအောင်းလွှာတွင် ရေနည်းလာသဖြင့် ရေလျှံထွက်မှု နည်းလာသဖြင့် ရေလျှံဇုန်ကြီးအား ရေရှည်အသုံးပြုနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ရန် နိုင်ငံခြား ပညာရှင်များဖြင့် တွက်ချက်ရာတွင် လိုအပ်သော အချက်အလက်များကို အသင့်ရှိနေစေရန်အတွက် ကနဦးတိုင်တာခြင်း လုပ်ငန်းများကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
“ချောင်းတွေမှာ ရေစီးနှုန်း၊ ရေဖိအားတွေ တိုင်းတာခြင်းကို တစ်လတစ်ကြိမ် လုပ်ဆောင်နေတာ သုံးကြိမ်ရှိသွားပြီ၊ မိုးရေက စိမ့်ဝင်ပြီး မြေအောက်ရေအဖြစ် စီးဝင်သွားတယ်၊ မြေအောက်ရေက တစ်ဖြည်းဖြည်းနဲ့ နိမ့်တဲ့နေရာတွေမှာ ချောင်းတွေ၊ မြောင်းတွေအဖြစ် ပြန်ပြီးတော့ထွက်လာတယ်၊ အဲဒီလို ထွက်လာတဲ့ရေက ဘယ်လောက်စီးနှုန်းရှိသလဲ၊ နောက်ပြီးရေလျှံဇုန်ဒေသမှာ မိုးရေချိန်က ဘယ်လောက်အထိ ရွာသွန်းသလဲ ဆိုတာကိုသိရှိဖို့ မှတ်တမ်းယူတဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်တယ်၊ အဲဒါမှာ စိမ့်ဝင်တဲ့ရေနဲ့ ထွက်သွားတဲ့ရေ ကဘယ်လောက်ရှိတယ်၊ မြေအောက်ရေက ဘယ်လောက်ရှိနေသလဲ မိုးနည်းရင်တစ်မျိုးနဲ့ မိုးများရင်တစ်မျိုး ရှိနေတာကို နိုင်ငံခြားက ပညာရှင်တွေက မြေအောက်ရေ လယ်ဘယ်ကို တွက်ချက်တဲ့အခါမှာ အထောက်အကူဖြစ်ဖို့ စလုပ်နေတာဖြစ်တယ်” ဟု ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန(ရေအရင်းအမြစ်)မှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်သန်းက ပြောသည်။
ကနဦးစမ်းသပ်တိုင်းတာခြင်းများအဖြစ် ရေလျှံဇုန်ဒေသအတွင်း သစ်တောများ အငွေ့ပျံနှုန်း၊ မြစ်ချောင်းများရှိ ရေများ၏ ဖိအားနှင့်ရေစီးနှုန်းများ တိုင်းတာခြင်း၊ ယင်းမာပင်၊ ပုလဲနှင့် ဆားလင်းကြီးမြို့နယ်များ၏ နှစ်စဉ်မိုးရွာသွန်းမှု အခြေအနေများကို စစ်တမ်းကောက်ယူခြင်း၊ နှစ်စဉ်ဆည်ရေဝင်ရောက်မှု အခြေအနေများ၊ ဌာနပိုင်ရေလျှံတွင်းများနှင့် တောင်သူပိုင်ရေလျှန်တွင်းများ၏ ရာသီအလိုက် ရေထွက်နှုန်း တိုင်းတာခြင်း လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)


