ကျောက်ဆည် ၁၂ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ရွှေသာလျောင်းဘုရား ဆင်လှူပွဲတော်ကြီး၏ အကြိုရက်ဖြစ်သော သီတင်းကျွတ်လဆန်း (၁၄)ရက် (၂၀၁၉ ခုနှစ် အောက်တိုဘာလ (၁၂)ရက်) နံနက်(၉)နာရီတွင် ကျောက်ဆည်မြို့၏ ရိုးရာ ဆင်အက၊ အလှပြိုင်ပွဲကို ရွှေသာလျောင်းတောင်ခြေရှိ အမှတ်ပေးဒိုင်(၁)တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
ဖွင့်ပွဲကို မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသော လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်အောင်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပြိုပွဲဝင်ဆင်များမှ “ဆင်လှူပွဲတော်အောင်ပြီ” သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
ထို့နောက် ဆင်ပွဲတော်ဖြစ်မြောက်ရေး ဘဏ္ဍာရှာဖွေရေးဥက္ကဋ္ဌ ဒေါက်တာမျိုးဝဏ္ဏအောင်က တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား အမှတ်တရ ဆင်ရုပ်များလက်ဆောင်ပေးခဲ့ပြီး ဆင်ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။
ယခုနှစ်ဆင်ပြိုင်ပွဲတွင် သဘာဝဆင်(၂)စီး၊ ကလေးဆင်(၃)စီး၊ ရိုးရာဆင်(၉)စီးနှင့် ဘော်ကြယ်ဆင်(၂)စီးတို့ ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး ရိုးရာဆင်ပထမဆု ကျပ်(၁၄)သိန်း၊ ဒုတိယဆု ကျပ်(၁၁)သိန်း၊ တတိယဆု ကျပ်(၇)သိန်းခွဲ၊ နှစ်သိမ့်ဆု(၁)နှင့် နှစ်သိမ့်ဆု(၂)အတွက် ကျပ်(၁)သိန်းခွဲတို့အပြင် ပြိုင်ပွဲတွင် ဆုမရရှိသည့် ပြိုင်ပွဲဝင်ဆင်များအား ကျပ်(၁)သိန်းနှုန်းစီ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ဘော်ကြယ်ပထမဆု ကျပ်(၁၂)သိန်း၊ ဒုတိယဆု ကျပ်(၉)သိန်း၊ ကလေးဆင်ပထမဆု ကျပ်(၁၀)သိန်း၊ ဒုတိယဆု ကျပ်(၇)သိန်း၊ တတိယဆု ကျပ်(၃)သိန်း၊ သဘာဝဆင်ပထမဆု ကျပ်(၇)သိန်း၊ ဒုတိယဆု ကျပ်(၃)သိန်းနှင့် ဆင်ရုပ်ဆုဒိုင်းများကို အသီးသီးပေးအပ် ချီးမြှင့်သွားမည့်အပြင် ဆုရဆင်များအား ဆိုင်ကယ်(၁)စီးစီ အပိုဆုအဖြစ် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းလည်း ဆင်ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းဇော်ထံမှ သိရှိရသည်။
သက်မောင် (ကျောက်ဆည်)