မိတ္ထီလာ ၁၂ အောက်တိုဘာ 

မိတ္ထီလာမြို့ ပထမလမ်းမတော်ထိပ်ရှိ လမ်းလယ်ကျွန်းတြိဂံပန်းခြံနှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သည့် နေရာတို့ကို မြက်ခင်းနှင့် ပန်းအလှပင်များဖြင့် အလှဆင်သွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

 

a

 

“မိတ္ထီလာမြို့ ပထမလမ်းမတော်ထိပ် အရှေ့ဘက် ပန်းအလှဆင်မည့်နေရာမှာ မိတ္ထီလာမြို့တွင်းသို့ ရန်ကုန်မြို့၊ တောင်ကြီးမြို့နှင့် သာစည်မြို့များမှ ဝင်ရောက်လာသော မြို့အဝင်နေရာဖြစ်သည့်အပြင် ယခင်က အများပြည်သူများ၏ စည်းကမ်းမဲ့စွန့်ပစ်သည့် အမှိုက်များကြောင့် မြို့အဝင် အရုပ်ဆိုး အကျည်းတန်နေသည့်အတွက် သာယာလှပပြီး မြို့ရဲ့ပုံရိပ် တစ်ခုလည်းဖြစ်အောင်၊ အမှိုက်စွန့်ပစ်ခြင်းလည်း ရပ်တန့်သွားအောင် စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ ယင်းနေရာကို ရှင်းလင်း၍ မြို့နယ် စည်ပင်သာယာရေး ဘက်ဂျတ်မှ ငွေကျပ် သိန်း(၅၀)ဖြင့် အလျား ပေ ၁၅၀၊ အကျယ် ၁၀ ပေရှိ ပန်းအလှဆင်မည့်နေရာအား အမြင့် ၂ ပေခွဲခန့်ကို မြေထိန်းနံရံအဖြစ် အုတ်စီ၍ အတွင်း၌ မြေများဖြည့်ပြီး  မြက်နှင့် ပန်းအလှပင်များဖြင့်   အလှဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ၎င်းအပြင် ပထမလမ်းတော်ထိပ်ရှိ လမ်းလယ်ကျွန်း တြိဂံပန်းခြံကိုလည်း မူလပုံစံအတိုင်း မြက်ခင်းနှင့် ပန်အလှပင်များဖြင့် ပြန်လည်အလှဆင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများကို အောက်တိုဘာလကုန်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း” မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးခင်မောင်တင်က ပြောကြားခဲ့သည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သာယာလှပရေးအတွက် မြို့နေပြည်သူများ၏ စိတ်ခံစားချက်နှင့် သက်ဆိုင်သည့် မြို့သာယာလှပရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ရာ ယခုလက်ရှိ မိတ္ထီလာမြို့ ပထမလမ်းမတော်ထိပ်ရှိ လမ်းလယ်ကျွန်းတြိဂံပန်းခြံနှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သည့် နေရာတို့ကို မြက်ခင်းနှင့် ပန်းအလှပင်များဖြင့် အလှဆင်သည့် လုပ်ငန်းအပြင် နာရီစင်မှ သံလမ်းကူးအထိ လမ်းလယ်ကျွန်းတွင် ကာရံထားသည့် ဟောင်းနွမ်းပျက်စီးနေသည့် သံဇကာနေရာကို စတီးလက်ရန်းများ တပ်ဆင်ပြီး ပန်းအလှပင်များဖြင့် အလှဆင်သည့် လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)