ရန်ကုန် ၁၂ အောက်တိုဘာ
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၀)ကြိမ်မြောက် မဲခေါင်စာပေဆုချီးမြှင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့ သမဝါယမစီးပွားရေးဗဟိုဌာနတွင် နံနက်ပိုင်းက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ မနုဿကျော်ဝင်းမှ နှုတ်ခွန်းဆက်စကားပြောကြားပြီး ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်တို့မှ စာရေးဆရာအသင်းဥက္ကဋ္ဌများက နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြသည်။
မဲခေါင်စာပေဆုချီးမြှင့်ပွဲသည် မဲခေါင်အဖွဲ့ဝင်နိုင်ငံများရှိ စာရေးဆရာများ၏ စာပေလက်ရာများကို ထိုက်တန်စွာ ဖော်ထုတ်ချီးမြှင့်ရန်၊ အဖွဲ့ဝင်နိုင်ငံများရဲ့ စာဖတ်ပရိသတ်များကို မဲခေါင်ဒေသရှိ မိတ်ဆွေနိုင်ငံများရဲ့ စာပေနဲ့ဘဝကို ပိုမိုသိရှိနားလည်စေရန်၊ ဒေသတွင်းနိုင်ငံများရဲ့ စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာလာအောင် တက်ကြွစွာဆောင်ရွက်ရန်၊ ဒေသတွင်းနိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ရန် ဆိုသည့် ရည်ရွယ်ချက်(၄)ရပ်နဲ့အညီ ဆုချီးမြှင့်ပွဲအခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ဝန်ကြီးချုပ်က ဆုရရှိသည့် မဲခေါင်အဖွဲ့ဝင်နိုင်ငံများမှ စာရေးဆရာများအား ဆုများချီးမြှင့်ခဲ့သည်။
အဆိုပါဆုချီးမြှင့်ပွဲ အခမ်းအနားတွင် မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်တို့မှ နှစ်ဦးစီ ဆုရရှိခဲ့ပြီး မြန်မာနိုင်ငံမှ စာရေးဆရာ ဖိုးကျော့က “မြေဆီမည်းမည်း သွေးရဲရဲ” စာအုပ်နဲ့ ဝတ္ထုရှည်ဆု၊ စာရေးဆရာ ကိုရိုးကွန့်ကတော့ “ဖြောင့်ဖြောင့်စင်းစင်း ဝတ္ထုတိုများ” စာအုပ်နဲ့ ဝတ္ထုတိုပေါင်းချုပ်ဆုကို ရရှိခဲ့သည်။
ဆန်းကျော်ဦး (ပြန်/ဆက်)


