ဘားအံ ၁၂ အောက်တိုဘာ

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်အနောက်ခြမ်း ဘားကပ်၊ ရသေ့ပျံ၊ ပန်းကုံး၊ ငနက်ပြာ ကျေးရွာအုပ်စုများရှိ အင်း၊ အိုင်၊ ရေတွင်း၊ ရေကန် အချို့တွင် ရေများအမည်းရောင်သို့ ပြောင်းလဲနေသည့် အတွက် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

 

ထိုသို့သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ FDA၊ ပြည့်သူ့ကျန်းမာရေးဦးစီးဌာန နှင့် နှီးနွယ်ဆက်စပ်နေသော ဌာနများက လိုအပ်သည့် ဓါတ်ခွဲစမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး ရေတွင်းကုန်း၊ နတ်ကုန်း၊ ငှက်ပျောတောကျေးရွာများရှိ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က FDA ၏ တိုင်းတာချက်အရ ရေများမှာ PH 6 point 9 အထိရှိသည့် အတွက် သောက်သုံးနိုင်သည့် အခြေအနေတွင်ရှိကြောင်း၊ ဘေးအန္တရာယ် မရှိကြောင်း၊ အဆိပ်သင့်ခြင်းမရှိကြောင်း၊ ကျေးရွာနေပြည်သူများ၏ စိုးရိမ်ပူပင်မှုကို နားလည်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ရေတွင်း၊ ရေကန်များရှိရေများအား ကျေးရွာသူ၊ ကျေးရွာသားများရှေ့တွင် သောက်သုံးပြသခဲ့ကာ အသင့်ပါရှိလာသော ရေသန့်ဘူးများနှင့် ရေသန့်ဆေးပြားများကို ကျေးရွာသူ၊ ကျေးရွာသားများထံ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် အလားတူ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှလည်း ရေသန့်ဘူးများနှင့် သောက်ရေ၊ သုံးရေအတွက် ဂါလံ(၃၀ဝ၀)ဆံ ရေသယ်ယာဉ်ဖြင့် ရေများလိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

mdn

 

ယခုကဲ့သို့ ရေများအမည်းရောင်သို့ ပြောင်းနေခြင်းအပေါ် ဓာတ်ခွဲစမ်းသပ်မှုများ၊ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး ထွက်ရှိလာသည့်အဖြေများကို အများပြည်သူသို့ ချပြဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် နောင်မဖြစ်စေရန်အတွက် ဆောင်ရွက်ရမည့် အစီအမံများကိုလည်း ရေးဆွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)

 

mdn